ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ထီးသဘဘလူထာ (ကွမ်းပင်ဝ) ကျေးရွာအုပ်စု၊ ကပီခီးကျေးရွာ အတွင်းကို ဧပြီ ၂၀ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက အမှတ် ၁၀၁၃ နယ်ခြားစောင့်တပ်၊ တပ်ရင်းမှူး ဗိုလ်ကျော်ဝင်းရဲ့ ညွှန်ကြားချက်နဲ့ ကျေးရွာအတွင်းကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ကပီခီးကျေးရွာသား စောဘောဟဲရဲ့ ဘယ်ဘက်လက်ဖျံဆစ် ထုတ်ချင်းပေါက် ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကပီခီးကျေးရွာသားတဦးက ”အလုပ်သွားမလို့ ပြင်ဆင်နေတုန်း လက်နက်ကြီးတွေ ကျလာတာ။ စစ်တပ်စခန်းဘက်ကနေ လှမ်းပစ်တာ။ အဲဒီစခန်းမှာက တပ်နဲ့ BGF ပူးပေါင်းထိုင်နေတာ။ ရွာသားတဦးတော့ ထိသွားတယ်။ အရင်ရက်တွေက ညဘက်ကြီးပါ ပစ်တယ်။ အဲဒီတပ်စခန်းရှိနေသရွေ့ ရွာမှာ အေးအေးချမ်းချမ်းနေရမှာ မဟုတ်ဘူး။ ပြေးလွှားနေရတာနဲ့ အချိန်ကုန်နေပြီ” လို့ ပြောပါတယ်။
ဧပြီ ၁၉ ရက် မနက် ၂ နာရီလောက်က ဘူးသိုမြို့နယ်နဲ့ ဒွယ်လိုးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတွေအတွက် လေကြောင်းကနေ လေယာဉ် ၂ စီးနဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာတွေကို လာရောက်ကြဲချခဲ့ပါတယ်။
လေကြောင်းကနေ ကြဲချတဲ့ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို KNLA၊ တပ်ရင်း ၁၀၂ တပ်ဖွဲ့ဝင်တွေက သိမ်းယူရရှိကာ တပိုင်တနိုင် ယူဆောင်ပြီးနောက် ပိုလျှံစားနပ်ရိက္ခာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
အဆိုပါနေ့ မနက် ၄ နာရီလောက်က ဘူးသိုမြို့နယ်နဲ့ ဒွယ်လိုးမြို့နယ်အတွင်းက ကျေးရွာတွေအပေါ် စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေက ၃ ကြိမ် လာရောက်ကင်းထောက်သွားတယ်လို့ ဆိုပါတယ်။
ဧပြီ ၁၈ ရက်၊ ည ၁၂ အချိန်လောက်က ဒွယ်လိုးမြို့နယ်၊ နားကိုခီးကျေးရွာအုပ်စု၊ မောခီးကျေးရွာအတွင်းကို စစ်ကောင်စီရဲ့ လေယာဉ် ၁ စီးက ဗုံး ၂ လုံးကြဲချခဲ့ရာ စောဖားဘူး(လူပျိုကြီး)၊ အသက် ၄၂ နှစ်ကို ထိမှန်ခဲ့တဲ့အတွက် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။
အဆိုပါနေ့ ည ၉ နာရီလောက်က ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ကလောလိုထာ၊ ကလောထာ (နိုလော်ဆူးကမ်းနားတလျှောက်) ကျေးရွာရှိ ဒေသခံတွေရဲ့လယ်ယာမြေတွေအတွင်းကို မထောကျေးရွာအခြေစိုက် စကခ ၈ လက်အောက်ခံ၊ ခမရ ၄၀၈ နဲ့ BGF တပ်ဖွဲ့ဝင်တွေက ၈၁ မမ လက်နက်ကြီးနဲ့ ၆ လုံး ပစ်ခတ်ခဲ့ပါတယ်။
အလားတူ ဧပြီ ၁၇ ရက် မနက် ၉ နာရီခွဲလောက်က ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု အတွင်းရှိ နိုလော်ဆူးကျေးရွာအတွင်းကို ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တဲ့အတွက် လူအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ နယ်မြေကျော် ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားတာ၊ လူအင်အား၊ လက်နက်ခဲယမ်း ဖြည့်တင်းတာ၊ ကုန်းလမ်း၊ လေကြောင်းကပါ ရိက္ခာပို့ဆောင်နေတာတွေကြောင့် နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေသလို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အပြင် တပ်စခန်းတချို့ကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ အခြေစိုက်တပ်တွေနဲ့ BGF ပူးပေါင်းတပ်တွေရဲ့ မြေပြင် လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ သိန်းကျော်ဟာ တောတောင်၊ လျှိုမြောင်တွေနဲ့ မြန်မာ-ထိုင်း နယ်စပ်တလျှောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။