ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆင်ခြေဖုံးမြို့နယ်ဖြစ်တဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာ မြို့နယ်တွေမှာ ဧပြီ ၁၉ ရက်ကစ မော်တော်ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးတာ ပိုများလာတာကြောင့် ဆိုင်ကယ်စီးပြည်သူတွေနဲ့ ကယ်ရီသမားတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
လှိုင်သာယာမြို့ခံတဦးက “မြို့ထဲမှာ ဆိုင်ကယ်စစ်ဆေးတာတော့ စစ်ကောင်စီလက်ထက် နေ့တိုင်းနီးနီး လုပ်တယ်။ ခုနောက်ပိုင်း ဆိုင်ကယ်စစ်ဆေးမှုတင် မဟုတ်တော့ဘဲ ဖမ်းဆီးထိန်းသိမ်းတာတွေပါ လုပ်လာနေတယ်” လို့ ပြောပါတယ်။
ဆိုင်ကယ်စီးပြည်သူတဦးက “ဧပြီ ၁၉ ရက်နေ့က အရပ်သတင်းကြားတာ။ မြို့ထဲမှာ ဆိုင်ကယ်ဖမ်းနေတယ်၊ ပြန်မပေးဘူးပြောတယ်။ ဆိုင်ကယ်စီး ပပျောက်ရေး စီမံချက်လို့လည်း ကြားတယ်” လို့ ပြောပါတယ်။
ဧပြီ ၁၉ နဲ့ ၂၀ နှစ်ရက်ဆက် လှိုင်သာယာ မီးခွက်ဈေးအောက်ထိပ်၊ အထက ၂ ရှေ့၊ ပင်လုံဈေးရှေ့၊ ရွှေနဂါးလမ်းဆုံနဲ့ ဆီဆိုင်တွေရှေ့မှာ အများဆုံး ဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ရွှေပြည်သာမြို့နယ်မှာလည်း စစ်ကောင်စီက ဆိုင်ကယ်စီးသူတွေကို ဖးဆီးနေတာကြောင့် အခက်တွေ့နေတယ်လို့ ဆိုင်ကယ်ကယ်ရီသမားတဦးက ပြောပါတယ်။
“ကိုယ်က ဆိုင်ကယ် ကယ်ရီဆွဲတာ။ စစ်တပ်က အခုရက်ပိုင်း နေရာအနှံ့ ဆိုင်ကယ် ဖမ်းဆီးနေတာကြောင့် အလုပ်လုပ်ရတာလည်း စိုးရိမ်ကြောင့်ကြနေရတာနဲ့ အဆင်ကို မပြေဘူး။”
ရွှေပြည်သာမြို့နယ်တော့ ၁၄ လမ်းဆုံ၊ ဆောက်လုပ်ရေးမှတ်တိုင်၊ ငါးကန်ထိပ်နဲ့ ၁၉ လမ်းဆုံတွေမှာ အများဆုံး ဖမ်းဆီးတယ်လို့ သိရပါတယ်။