Home
မြန်မာသတင်း
တိုင်းရင်းသားခေါင်းဆောင်များကို အာဏာသိမ်းစစ်ခေါင်းဆောင်ကဘွဲ့ပေး၍ သွေးခွဲရန်ကြံစည်ဟု နိုင်ငံရေးအသိုင်းအဝိုင်း သုံးသပ်
DVB
·
April 18, 2022
00000000

တိုင်းရင်းသားခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်တာဟာ သွေးခွဲဖို့  ကြံစည်တာဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောကြားလိုက်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၇၅ နှစ်တာ ကာလအတွင်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်နိုင်တဲ့အတွက်ကြောင့်ဆိုပြီး အရင်စစ်ခေါင်းဆောင်ဟောင်းတွေ  စစ်ဗိုလ်ချုပ်တွေ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေနဲ့ တတ်သိပညာရှင် ၁၅၀ ကျော်ကို  ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ပေးအပ်လိုက်ပါတယ်။

အများပြည်သူတွေအတွက် ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်အောင် ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကို အခု  တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဩဇာခံ ငြိမ်းချမ်းရေးပွဲစားတချို့ကိုပါ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ စစ်အုပ်စုက လုပ်နေကြဖြစ်တဲ့ သပ်လျှို သွေးခွဲဖို့အတွက် ပေးတဲ့ဘွဲ့တံဆိပ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ  ဦးအောင်မိုးဇော်ကပြောပါတယ်။

“အဲဒီဘွဲ့ကို လူသတ်သမားတွေက ပေးတဲ့ဘွဲ့၊ ယုတ်တဲ့သူတွေကပေးတဲ့ ဘွဲ့ပေါ့။ အဲဒီဘွဲ့ကို ဘယ်သူတွေက ယူရဲမှာလဲ။ ယူရဲတဲ့သူရှိရင်တော့ ကျနော် မပြောတတ်ဘူး။ တကယ်တမ်းကျတော့ ပြည်သူတွေပဲဖြစ်ဖြစ်၊ တော်လှန်ရေးခေါင်းဆောင်တွေပဲဖြစ်ဖြစ် လေးစားလို့၊ ချစ်ခင်လို့ ဒီလိုဘွဲ့မျိုး ပေးတာ မဟုတ်ဘူး။ တိုင်းပြည်အတွက် တကယ်ပဲ အလုပ်လုပ်ခဲ့လို့၊ အမှန်တကယ် လေးစားလို့ ပေးတာမဟုတ်ဘူး။ ကျိန်းသေတာက တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေကို သပ်လျှိုဖြိုခွဲတာပဲ ဖြစ်တယ်။ အဲဒါ စစ်အုပ်စု လုပ်နေကျအလုပ်ဖြစ်တယ်။ စစ်အုပ်စုရဲ့ ကောက်ကျစ်နေကျ လုပ်ဟန်တခု ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။” 

ဒီကနေ့အချိန်ထိ မြန်မာတနိုင်ငံလုံးနီးပါးက ပြည်သူတွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက် တော်လှန်နေတဲ့အတွက်ကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်ကပေးတဲ့ ဘွဲ့တံဆိပ်ကို လက်ခံရယူမယ့်သူတွေဟာ ပြည်သူတွေရဲ့ ပစ်ပယ်ခြင်းကို ခံရနိုင်တယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

အာဏာသိမ်းမှုကို ထောက်ခံတဲ့သူတွေကသာ အဲဒီ ဘွဲ့တံဆိပ်တွေကို အသိအမှတ်ပြုပြီး လက်ခံရယူနိုင်ပြီး တခြားသူတွေက အဲဒီဘွဲ့တံဆိပ်တွေကို လက်ခံရယူဖို့ ခက်မယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင် ကျဆုံးရေးအတွက် စစ်ရေးအရ ဖြေရှင်းဆောင်ရွက်တာကို မကြိုက်နှစ်သက်ဘဲ နိုင်ငံရေးနည်းအရ ဖြေရှင်းဆောင်ရွက်ဖို့ အားသန်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေကို နိုင်ငံတော်ဘွဲ့တံဆိပ် ပေးလိုက်ပြီး အဖွဲ့စည်းအတွင်းမှာ မယုံကြည်မှုတွေ ဖြစ်စေကာ  တော်လှန်ရေးအင်အား လျော့နည်းအောင် လုပ်လိုက်တဲ့ နည်လမ်းတစ်ခုလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က  “ဘီလူးစည်းကို ချပေးလိုက်တဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေဟာ သူနဲ့သက်ဆိုင်ရာ အဖွဲ့အစည်းတွေအတွင်းမှာလည်း သဘောထားဆိုင်ရာ ပဋိပက္ခတွေ၊ နိုင်ငံရေးစည်းကြောင်းချမှာတွေ ဖြစ်လာပါလိမ့်မယ်။ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာပြီးတော့ နောက်ပိုင်းမှာ လူ့စည်းနဲ့ ဘီလူးစည်း ကွဲတော့မယ်။ ဘီလူးစည်းတွေကို ပြည်သူလူထုရဲ့ စည်းကြောင်းကနေ ဖယ်ရှားတွန်းလှန်ပစ်တော့မယ့် အခြေအနေတခုကို ရောက်တော့မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ 

ကေအန်ယူ ခေါင်းဆောင်တွေကို စစ်ခေါင်းဆောင်ကဘွဲ့ချီးမြင့်လိုက်တဲ့အပေါ် ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ဒါတွေက အရင်ကတည်းက တောက်လျှောက်လုပ်လာခဲ့သလို သူတို့ ဆက်လက်လုပ်တာပဲလို့ ကျနော်တို့ မှတ်ယူတယ်။ ဘာဖြစ်လဲဆိုရင် အဖွဲ့အစည်းတခုကို စည်းလုံးညီညွတ်ရေးပျက်ပြားအောင်ဆိုပြီးတော့ အနုနည်းရော၊ အကြမ်းနည်းရော မျိုးစုံသုံးပြီးတော့ မီးစတဖက်၊ ရေမှုတ်တဖက်နဲ့ အဲလိုပဲ လုပ်နေတာ။ အခုလောလောဆယ်မှာဆိုရင် အခု အပစ်ခတ်ရပ်စဲရေးခေါ်တာလည်းရှိတယ်။ တချိန်တည်းမှာပဲ ထိုးစစ်တွေ အကြီးအကျယ်တွေ လုပ်တယ်။ ဒီလိုဟာမျိုးနဲ့အလားတူပဲ အခုနောက်ဆုံး အခြေအနေ ဆိုရင် ကျနော်တို့ရဲ့ ဒေသ အသီးသီးမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ထိုးစစ်တွေကလည်း ရှိနေတဲ့အချိန်မှာ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တယောက်ကို ဘွဲ့ပေးမယ်ဆိုကတည်းကိုက ဒါက ဘာမှကို မဟတ်ဆပ်တော့ဘူးလေ။ သူလုပ်ချင်တိုင်း လုပ်နေတဲ့ အနေအထားတခုမှာကတော့ သူက မရ ရတဲ့နည်းနဲ့ သူလိုက်လုပ်နေတယ်ဆိုတာက ကျနော်တို့ အနေအနဲ့ ညာမှတော့ အထူးအဆန်းတော့မရှိဘူး။ ကိုယ်ဘက်ကသာ ကိုယ်တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်လုပ်သွားဖို့ပဲ လိုပါတယ်။”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ပေးတဲ့ဆုရရှိသူ  အန်စီအေ လက်မှတ်ရေးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ အခုလို့ဘွဲ့ပေးခြင်းဟာ ယုံကြည်မှုပိုမိုရရှိသွားနိုင်ပြီး အဲဒီဆုကို အသုံးချပြီး လက်နက်ကိုင်ပဋိပက္ခ လျော့နည်းလာအောင် ပြောဆိုဆွေးနွေးနိုင်မယ့် လမ်းကြောင်းတစ်ခု ဖန်တီးနိုင်မယ်လို့ ထင်မြင်တဲ့အကြောင်း ပြောပါတယ်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ပေးတဲ့သူဘက်က ဘာရည်ရွယ်ချက်နဲ့ စဉ်းစားလဲ မသိဘူး။ ကျနော်ကတော့ ထူးထူးခြားခြား ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း မရှိပါဘူး။ တိုင်းပြည်အတွက် အသုံးတည့်အောင် သုံးလို့ရပါတယ်။ အသုံးတည့်အောင် မသုံးဘဲ အသုံးချခံဖြစ်သွားရင်လည်း စောစောကပြောတဲ့ လမ်းကြောင်းတွေ ဖြစ်သွားနိုင်တယ်။ ဒီအခွင့်အလမ်းကို ဘယ်သူက ဘယ်လို သုံးမလဲ အရေးကြီးပါတယ်။ ကျနော့်တဦးတည်းအနေနဲ့ကတော့ ဒီအခွင့်အလမ်းကို သုံးပြီးတော့ လက်ရှိ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခကို လျော့ကျသွားအောင်၊ ရွာသူရွာသားတွေ အိုးအိမ် စည်းစိမ်တွေ ပျက်စီးနေတာကို၊ မီးလောင်နေတာတွေ၊ လူတွေ အသက်သေတာတွေ လျော့သွားအောင်၊ သက်သာသွားအောင် လုပ်နိုင်တဲ့ ပြောဆိုနိုင်တဲ့ လမ်းကြောင်းတကြောင်း ဖြစ်လာလိမ့်မယ်လို့ ကျနော် ယူဆတယ်။ ဒါကြောင့် ဒီအခွင့်အလမ်းကို ဘယ်သူက ဘယ်လိုသုံးမလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ရလဒ်က ထွက်မယ်လို့ ကျနော် ယူဆပါတယ်။”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ALP က ဦးခိုင်စိုးနိုင်အောင်၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန်နဲ့ နိုင်ရွှေကျင်၊  PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ KNU/KNLA-PC ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ဌေးမောင် KIO(ခွဲထွက်) ဦးလဆန်အောင်ဝါ၊ KNU  ဖဒိုအောင်ဆန်းအဖွဲ့က ဖဒိုအောင်ဆန်း၊ KNU တပ်မဟာ(၂) သံတောင် အထူးဒေသအဖွဲ့က စောဖယ်ရီမိုး၊ KNU တပ်မတော်(၆) တပ်ရင်း (၁၆) က ဦးစောသမူဟဲ ကချင်ပြည်နယ်အထူးဒေသ ၁ ခေါင်းဆောင်ဟောင်း စခုန်တိန့်ယိန်း PNO ခေါင်းဆောင် ဦးအောင်ခမ်းထီးတို့ကို  ဝဏ္ဏကျော်ထင်ဘွဲ့ ပေးခဲ့တာပါ။

အဲဒီအပြင် အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့ကိုယ်သူလည်း သတိုးသီရိသုဓမ္မဘွဲ့ ချီးမြှင့်လိုက်ပြီး ဝန်ကြီးချုပ်ဟောင်း ဦးနု၊ အာဏာရှင် ဦးနေဝင်း၊  ဦးစန်းယု၊ ဗိုလ်ချုပ်မှူးကြီး စောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စသူတို့ကိုလည်း ဘွဲ့တွေအသီးသီးချီးမြှင့်ကြောင်း ဧပြီ ၁၇ ရက်က ထုတ်ပြန်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024