ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့နယ် ကွန်ကောက် နဲ့ စယ့်အူ ကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက် မွန်းလွှဲပိုင်းက မိုးသက်လေပြင်းကျရောက်ပြီး နေအိမ်အမိုးတွေ ပျက်စီးခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
အဲဒီနေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ မိုးရောလေပါကျရောက်ကာ မိနစ် ၂၀ လောက် လေပြင်းထန်တာကြောင့် ကျေးရွာအုပ်စု ၂ ခုထဲက နေအိမ်အလုံးပေါင်း ၇၀ ကျော် ခေါင်မိုးလန်ထွက်ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွန်ကောက်ကျေးရွာအုပ်စု ရွာပေါင်း ၅ ရွာမှာတော့ ပျက်စီးသွားတဲ့ အိမ်ပေါင်း ၃၄ လုံးရှိကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဘက်က စာရင်းတွေလာ ကောက်သွားပေမယ့် ဒီနေ့အထိ အကူအညီမရသေးဘူးလို့ ကွန်ကောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းဆန်ဆာမ်က ဒီဗွီဘီကို ပြောပါတယ်။
“လေပြင်းက ကျနော့တသက်မှာ တွေ့ဖူးတာ ဒီတခါ အဆိုးရွားဆုံးပါပဲ။ ကျနော်တို့အုပ်စုထဲက လောလောဆယ် ရထားတဲ့စာရင်းက ပျက်စီးတဲ့အိမ် ၃၄ လုံးရှိတယ်။ ကွန်ကောက်မှာ ၂၆ လုံး၊ နောင်မောင်း ၁ လုံး၊ တန့်ခန်ရွာ ၃ လုံး၊ ပိန်းကန်းမှာ ၁ လုံး၊ ပိန်းဟုန်းမှာ ၃ လုံး။ သက်ဆိုင်ရာက အကူအညီ မလာသေးတော့ ရွာသားအချင်းချင်း နိုင်သလောက်ပြန်ကူနေပါတယ်။ စယ်အူဘက်က တော့ ဘယ်လောက်ပျက်စီးလဲမသိဘူး။”
ရွာသားတွေကတော့ ကွန်ကောက်နဲ့ စယ့်အူအုပ်စု ၂ ခုပေါင်း အိမ်ခြေ ၇၀ ကျော် ၈၀ လောက် ပျက်စီးတယ်လို့ ပြောပါတယ်။
“ကွန်ကောက်အုပ်စုထဲမှာ ဝမ့်ဟေ၊ ဖိုင်ခမ်းရွာထဲကအိမ်တွေ ပါသေးတယ်။ စယ်အူအုပ်စုထဲမှာ နားမုပ်တရွာတည်းတင် အိမ် ၁၀ လုံးကျော်တယ် ပျက်စီးတာ၊ အုပ်စု ၂ ခုလုံးဆိုရင် ၇၀ ကျော် ၈၀ လောက်ရှိမယ်။ သွပ်ပြားတွေက ရပ်ထားတဲ့ ကားပေါ်ပြုတ်ကျပြီး ကားလည်းပျက်စီးတယ်၊ အုတ်တံတိုင်းတွေလည်း ပြိုကျတယ်၊ သရက်ပင်၊ ပိန္နဲပင်စတဲ့ သစ်ပင်ကြီးတွေလည်း ကျိုးကျတယ်။”
နောက်ရွာသား ၁ ဦးကလည်း ဒီအချိန် လယ်ယာလုပ်ငန်းစချိန်၊ မျိုးစေ့နဲ့ မြေဩဇာတွေဝယ်ရတာမို့ အများစုက အိမ်ပြင်ဖို့ငွေမရှိတော့ကြောင်း၊ တချို့အိမ်တွေက ခေါင်မိုးတစ်ခုလုံး ဟင်းလင်းပြင်ဖြစ်သွားပြီး အိပ်စရာနေရာပင်မရှိတော့ကြောင်း၊ သံဃာတော်အချို့က ဆန်နဲ့စားစရာတွေ လာဝေငှတာရှိကြောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်တွေလည်း စာရင်းလာကောက်သွားပေမယ့် အထက်ကို တင်ပြရမှာဖြစ်ပြီး ရမရတော့ မသေချာဘူးလို့ ပြောသွားပါတယ်။
ရပ်ဝေးရပ်နီးစေတနာရှင်တွေအနေနဲ့ သိန္နီမြို့နယ် လေဘေးသင့်ပြည်သူတွေ ကူညီလိုက ကွန်ကောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဖုန်းနံပါတ် ၀၉ ၄၅၂၂၂၉၄၂၄ ကို ဆက်သွယ်ကူညီနိုင်ပါတယ်။
ခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မူဆယ်၊ နမ့်ခမ်း၊ သိန္နီ နဲ့ တရုတ်-မြန်မာနယ်စပ် ရွှေလီဒေသတွေမှာ မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့ပြီး မူဆယ်မှာဆိုရင် လမ်းသွားလမ်းလာ မိန်းကလေးငယ် ၁ ဦး သစ်ပင်ပိကျလို့ သေဆုံးသွားခဲ့ရပါတယ်။