စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ ယာဉ် ၂ စီးကို ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အောင်ဇေယျကွက်သစ် (ဒေသခေါ် ရွှေတောင်ဦးကုန်း) ဘက်ကနေ ဘန့်ဘွေးရွာမကျေးရွာဘက်ကိုသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ် ၂ စီးကို မုံရွာ ယာကြီး ကလေးဝလမ်း ၅ မိုင်တိုးဂိတ်အနီးမှာ ဒီကနေ့ မနက်ပိုင်း ၈ နာရီခွဲလောက် PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တာကြောင့် ရှေ့ဆက်မသွားနိုင်ခဲ့ဘဲ ရွှေတောင်ဦးကုန်းဘက်ကို ပြန်လှည့်သွားခဲ့တယ်လို့ ဒေသခံပြောက်ကျားတပ်ဖွဲ့ ချိုမိုင်မိုင်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဧပြီ ၁၆ ရက် ညပိုင်းကလည်း ယင်းမာပင်မြို့ ခရိုင်စုပေါင်းရုံးနဲ့ ရဲစခန်းတို့ကို PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိနိုင်ပေမယ့် အရေအတွက်မသိရသေးဘဲ ပူးပေါင်းအဖွဲ့ဘက်က ရဲဘော် ၁ ဦး ကျဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ် ဘိုးတော်နီ PDF အဖွဲ့က အသက် ၂၃ နှစ်အရွယ် ရဲဘော် မော်တာ ကျဆုံးခဲ့ရပြီး အသက် ၂၀ ကျော်အရွယ် ရဲဘော် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ ၂ ဦးဟာ စစ်ကောင်စီတပ်ကို အသုံးပြုတိုက်ခိုက်တဲ့ လက်နက်ပစ္စည်းချို့ယွင်းမှုကြောင့် မတော်တဆဖြစ်ရာကနေ အခုလို ထိခိုက်ကျဆုံးခဲ့ရတာလို့ တိုက်ခိုက်ရေးမှာပါဝင်တဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ယင်းမာပင်မြို့နယ်မှာ မြို့ပေါ်အပါအဝင် ကျေးလက်နယ်တွေက ဒေသခံပြည်သူတွေဟာ သင်္ကြန်ကာလ ရေကစားပျော်ပါးခြင်းမရှိဘဲ စစ်ကောင်စီကို သပိတ်မှောက်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ယင်းမာပင်ခရိုင်စုပေါင်းရုံးအတွင်းမှာ လုံခြုံရေးအပြည့်ယူပြီး အချိန်အနည်းငယ် ဖွင့်ပွဲပုံစံပြုလုပ်ခဲ့ကြပေမဲ့ ယင်းမာပင်မြို့တွင်းမှာတော့ ရေကစားမဏ္ဍပ်မရှိသလို မြို့ပေါ်လမ်းတွေလည်း လူသွားလူလာမရှိသလောက် နည်းပါးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။