ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ- ကော့ကရိတ်လမ်းဘေးအနီး၊ အိန္ဒုစံပြကျေးရွာ နယ်မြေရဲစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီ ၁၆ ရက် ညနေ ၇ နာရီလောက်က ဗုံး ၃ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒုနယ်မြေရဲစခန်းရှေ့မှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့သလို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဗုံး ၁ လုံး စုစုပေါင်းဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အိန္ဒိုစံပြကျေးရွာသားတစ်ဦးက “ဗုံးကွဲတာ မိနစ်ခြားပြီး ၃ လုံးဆက်တိုက်ကွဲတာ။ အသံတွေကတော့ အကျယ်ကြီးပဲ။ ပေါက်ကွဲမှုဖြစ်တော့ ဘယ်သူမှသွားမကြည့်ရဲဘူး။ ထိခိုက်မှုအခြေအနေတော့ မသိရဘူး။ ဗုံးကွဲတဲ့ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးက ကိုက် ၁၀၀ လောက်ပဲဝေးတယ်။ လမ်းဘေးဆိုတော့ လူသွားလူလာရှိသေးတဲ့အချိန် ကွဲတာ”လို့ ပြောပါတယ်။
အလားတူ ဘားအံမြို့မှာ ဒီမနက် ၁၁ နာရီလောက်က မြိုင်ကလေး တပ်မတော်ဘိလက်မြေစက်ရုံအတွက် ရေတင်ပေးနေတဲ့ ဖိုးရှိုးရေစက်မှာ ၁ ကြိမ်၊ မွန်းလွဲ ၁၂ နာရီခွဲလောက်က ဘားအံတိုင်းရင်းဆေးရုံအနောက်နားမှာ ၁ ကြိမ်နဲ့ မွန်းလွဲ ၂ နာရီလောက်က ဖားမဲတောင်အနီးမှာ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်ပေါက်ကွဲခဲ့ပါတယ်။
ကရင်ပြည်နယ်မြို့တော် ဘားအံမြို့မှာလည်း ဒီနေ့ စစ်ကောင်စီ ရေကစား မဏ္ဍပ် ၃ ခုမှာ ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲခဲ့တဲ့ ရေကစားမဏ္ဍပ်တွေဟာ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ စစ်အုပ်စုနဲ့ နီးစပ်သူတွေ သွားရောက် ရေကစားနေကြတဲ့ နေရာဖြစ်ပြီး မနက် ၁၁ နာရီလောက်က တစ်ကြိမ်၊ မွန်းလွဲ ၁၂ နာရီခွဲလောက်က တစ်ကြိမ်နဲ့ မွန်းလွဲ ၂ နာရီလောက်က တစ်ကြိမ်စီပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဒီကနေ့ ဘားအံမြို့အပါအဝင် ဗုံးပေါက်ကွဲမှုတွေကြောင့် စစ်တပ်နဲ့ ရဲတွေက စုံစမ်းစစ်ဆေးတာတွေ၊ လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ကယ်၊ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးတာတွေ၊ မြို့တွင်းနဲ့မြို့ပြင် လုံခြုံရေးတင်းကျပ်ထားသလို အရပ်ဝတ်နဲ့ လုံခြုံရေးတွေပါ လှည့်လည်နေပါတယ်။