ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဧပြီ ၁၅ ရက် မနေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်က ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
လမ်းမတစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီကားပေါ်ကို တော်လှန်ရေးရဲဘော်တွေက ည ၉ နာရီ လောက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၂ ဦးနေရာမှာတင်သေဆုံးခဲ့တာလို့ဆိုပါတယ်။
“ရဲဘော်တွေက ကင်းပုန်းဝပ်နေတဲ့ကားထဲကို လက်ပစ်ဗုံး ပစ်သွင်းပြီး တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ပြည်သူ့ဘက်သား အတွင်းစည်းသတင်းပေးက အဲ့ဒီနေရာမှာ ကင်းပုန်းဝပ်ဖို့ ရှိတယ်လို့ ဖုန်းဆက်အကြောင်းကြာလာတာနဲ့ ကျနော်တို့ရဲဘော်တွေ အမြန် ဒီမစ်ရှင်ကို ဆောင်ရွက်ခဲ့တာ''လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်သားတွေရောက်လာပြီး သေသွားတဲ့ စစ်သား ၂ ယောက်ကို မြေပြင်မှာ ဒရွတ်တိုက်ဆွဲပြီး ကားပေါ်တင်သွားကြတယ်လို့ဆိုပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်သား ၁ ဦးလည်း ဗုံးထိမှန်ခဲ့လို့ ဒဏ်ရာအပြင်းထန်ရရှိသွားတယ်လို့ ပြောပါတယ်။
နန်းထိုက်အောင်စစ်ဆင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံတောင်ပိုင်းရဲ့ မြို့ပြစစ်ဆင်ရေးဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သတ်ဆက်နွှယ်နေတဲ့ ပစ်မှတ်အကုန်လုံးကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။