သင်္ကြန်ရက်အတွင်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က ချမ်းသာတဲ့အိမ်တွေ၊ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဆန်ဆိုင်တွေမှာ ညစဉ်ဖောက်ထွင်းခိုးယူခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပုလဲမြို့ပေါ်မှာ စစ်ကောင်စီက ကင်းလှည့်တာတွေ သေနတ်ပစ်ဖောက်တာ တွေဆက်တိုက်ပြုလုပ်နေပေမဲ့ ဖောက်ထွင်းခိုးယူတာတွေက နေ့စဉ်ဖြစ်နေပြီး သင်္ကြန်ရက်အတွင်း ဖောက်ထွင်းခိုးယူခံရတဲ့ အိမ်နဲ့ဆိုင် ၁၇ နေရာ နီးပါးရှိနေတယ်လို့ ဆိုပါတယ်။
စစ်သားတွေရဲ့အကြမ်းဖက်ခြိမ်းခြောက်မှုတွေကြောင့် သာမန်အရပ်သားတွေဟာ ညဘက်ဆို အပြင်မထွက်ရဲတဲ့အတွက် သာမန်သူခိုးတွေက ခိုးနေတာမျိုးမဖြစ်နိုင်ဘူးလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
ပုလဲဒေသခံတစ်ဦး"စစ်သားတွေနဲ့ ဒလန်တွေက ပုလဲမြို့ပေါ်မှာရှိတဲ့ ချမ်းသာတဲ့အိမ်တွေရယ် စားသောက်ဆိုင်တွေရယ် စတိုးဆိုင်တွေရယ်ကို ဒီကောင်တွေညတိုင်း ဖောက်ထွင်းမှုတွေ လုပ်နေတယ်။ စစ်တပ်နဲ့ ဒလန်တွေ ညှိနှိုင်းပြီး ခိုးတယ်မြင်တာပဲ။ သာမန်ပြည်သူတွေက စစ်တပ်က လုံခြုံရေးတွေယူထားတော့ သွားရဲတဲ့သူ ဘယ်သူမှမရှိပါဘူး။ သူတို့လုံခြုံရေးလှည့်နေတာပဲ။ သေနတ်တွေလည်း ပစ်ဖောက်နေတာပဲ။ ဒီလိုအချိန်မှာ သူခိုးဆိုတာ မကပ်ရဲပါဘူး။ ဒါကတော့ရှင်းပါတယ်။"လို့ပြောပါတယ်။
ပုလဲမြို့ပေါ်မှာ ဖောက်ထွင်းခိုးယူခံရတာတွေနဲ့ ပက်သက်လို့ ဘယ်သူ့လက်ချက်ဆိုတာတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
သင်္ကြန်ရက် ၄ ရက်ပြည့်လာတဲ့အထိ စစ်ကိုင်းတိုင်းထဲက ပြည်သူတွေဟာ သင်္ကြန်ပွဲတော်မှာ ပါဝင်ပျော်ရွှင်တာမျိုးမရှိပါဘူး။
နေအိမ်မီးရှို့ခံရတာ၊ မိသားစုဝင်တွေဖမ်းဆီးသတ်ဖြတ်ခံရတာ၊ အနိုင်ကျင့်နှိပ်စက်ခံရတာ၊ စားဝတ်နေရေးမပြေလည်တာတွေကြောင့် ပျော်ချင်စိတ်မရှိဘူးလို့ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာသူတစ်ယောက်ကပြောပါတယ်။
ဘန့်ဘွေးရွာသူတစ်ဦးက "သူ့စနစ်ဆိုးကြီးမကြိုက်လို့ မဲမပေးပါဘူးဆိုနေမှ ဒီစနစ်ဆိုးကြီးနဲ့ အုပ်ချုပ်ချင်နေတယ်။ အသည်းနာ ရင်နာစရာလည်းကောင်းနေပါပြီ။ မြေးစဉ်မျိုးဆက်ကို မှတ်ထားရလောက်အောင် တော်တော်ဆိုးတဲ့မင်း။ အတော်ဆုတ်ယုတ်တဲ့မင်း။ ဒုက္ခပေါင်း သောင်းခြောက်ထောင်ဝေနေတဲ့မင်း။ ဒီစစ်ကောင်စီစနစ်ကို လုံးဝမှကို မကြိုက်တာ။ ဘန့်ဘွေးရွာကတော့ ရေကစားဖို့ရာ တစ်ယောက်မှကို စိတ်ကူးမရှိဘူး။ ဘာလို့လည်းဆိုတော့ ဘန့်ဘွေးရွာထဲမှာ စွဲနေတဲ့တပ်ရှိတာကိုက တောထဲမှာနေနေရတာတွေက အများကြီးပဲ ဒုက္ခတွေရောက်နေကြတာ။ ရေကစားဖို့ရာစိတ်ကူးကိုမရှိဘူး။ မြန်မာ့ရိုးရာဓလေ့ကို ပျော်တော့ပျော်ချင်ပါတယ်။ ဒါပေမဲ့ ကျမတို့မှာ ပျော်စိတ်ဆိုတာမရှိတော့ဘူး။ ပျော်ရွှင်မှုဆိုတာ မရှိတော့ဘူး။ ကျဆုံးသွားတဲ့ကလေးတွေအတွက် ဝမ်းနည်းနေရတာကလွဲလို့ ဘာပျော်ရွှင်စိတ်မှမရှိတော့ဘူး။ ပျော်စရာလမ်းလည်းမရှိဘူး။ မင်းအောင်လှိုင်ကတော့ သတင်းတွေတော့ ကြေညာနေတာပဲ။ ပြည်သူတွေအိုးအိမ်တွေမ ပျက်စီးမဆုံးရှုံးအောင် စောင့်ရှောက်နေပါတယ်တဲ့။ သူစောင့်ရှောက်တာက အိမ်တွေကို မီးတွေရှို့ပြီး သေနတ်နဲ့ လိုက်ပစ်နေတာ။ ဘယ်နေရာကိုစောင့်ရှောက်နေတာလဲလို့ မေးချင်ပါတယ်။ သူဘာ စောင့်ရှောက်နေတာလဲ သူလုပ်နေတာ ပြည်သူတွေကို အစားမဲ့အနေမဲ့ သောင်ပြင်လွှတ်တဲ့ခွေးဖြစ်အောင်လုပ်နေတာ။ သူသာအရှက်မရှိတာ။ ငါမုဆိုးမတောင်ရှက်သေး သူ့လုပ်ရပ်တွေကို။"လို့ ပြောပါတယ်။
ဘန့်ဘွေးရွာမှာ စစ်ကောင်စီက တပ်စွဲထားတာ တစ်လကျော်ကြာလာပြီဖြစ်တဲ့အတွက် ရွာခံတွေဟာ နေ့စဉ်နဲ့အမျှ စိုးရိမ်ကြောက်လန့်စိတ်နဲ့ပဲ နေထိုင်နေရတာပါ။
စစ်ကိုင်းတိုင်းထဲက မြို့ကြီးတွေအားလုံးမှာလည်း စစ်ကောင်စီကဖွင့်ထားတဲ့ မဏ္ဍပ်တွေကို ပြည်သူတွေက သပိတ်မှောက်နေကြပြီး ရာနှုန်းပြည့်အောင်မြင်မှုရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက သင်္ကြန်ပွဲတော်ကျင်းပပြီး နိုင်ငံတကာကို ဝါဒဖြန့် မျက်နှာကောင်းပြဖို့ကြိုးစားခဲ့ပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေက စစ်အုပ်စုကိုဆန့်ကျင်ပြီး တော်လှန်သင်္ကြန်ကို ဆင်နွှဲနေကြတာပါ။
သင်္ကြန်ကာလမှာလည်း စစ်ကောင်စီကတော့ စစ်ကိုင်းတိုင်းအတွင်းမှာ အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်တာ၊ ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်တာတွေ အပါအဝင် နည်းလမ်းစုံအသုံးပြုပြီး အကြမ်းဖက်နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေ ပါတယ်။