မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၇၄ ရွာရှိပြီး ကျေးရွာပေါင်း ၇၁ ရွာကို ထိန်းချုပ်ထားနိုင်ပြီလို့ ယောဒေသကာကွယ်ရေး YDF ထီးလင်းရဲ့တာဝန်ခံ သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ထီးလင်းနယ်ကတော့ ကျေးရွာတော်တော်များများ ထိန်းချုပ်ထားနိုင်ပြီဗျ။ ရဲစခန်းရှိတဲ့ ကျေးရွာတွေဖြစ်တဲ့ ဆေးမင်းတောရွာ၊ ရေမြစ်ဏီရွာ၊ ကျဉ်းရွာနဲ့ ထီးလင်းမြို့ပေါ်ကိုတော့ မထိန်းချုပ်နိုင်သေးဘူး။”
ဆက်လက်ပြီး မြို့ပေါ်နဲ့ ရဲစခန်းရှိတဲ့ကျေးရွာတွေကိုလည်း သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ထီးလင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့တပ်ဖွဲ့ရဲ့ သတိပေးထုတ်ပြန်ချက်များအား လိုက်နာကြဖို့ကိုလည်း YDF ထီးလင်းက ပြောပါတယ်။
ယောဒေကာကွယ်ရေး (YDF) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်တွေကို အစွမ်းကုန်ခုခံတော်လှန်သွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်လှူဒါန်းပေးကြဖို့ကိုလည်း YDF တာဝန်ခံခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။
သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက် မွန်းလွဲပိုင်းက ထီးလင်းမြို့ကော်မရှင်ရုံးထဲမှာ သောက်စားမူးယစ်နေတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီးနေလင်းအောင်နဲ့ အပေါင်းပါတွေကို YDF-ထီးလင်းက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံး ၂ ယောက်ဒဏ်ရာရရှိသွားပြီး ဗိုလ်ကြီးနေလင်းအောင်က သေနတ်ဒဏ်ရာနဲ့ထွက်ပြေးသွားကာ နောက်ပိုင်း အလောင်းပြန်တွေ့ခဲ့ပါတယ်။