ရခိုင်ပြည်နယ်၊ သင်္ကြန်ကာလ ဧပြီ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (အေအေ) တို့ မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဟုတ်ပါတယ်။ ဒီနေ့ မွန်းတည့်ပိုင်းမှာ စဖြစ်တာ။ မြေပုံမြို့ ဝက်ခေါင်းကျေးရွာအနီးရဲ့ တောင်ဘက်က ဆေးခန်းတခုအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်” လို့ မြေပုံမြို့နဟ် ဝက်ခေါင်းကျေးရွာသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်ကတည်းက မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာအနီးမှာ အင်အား ၃၀ လောက်နဲ့ စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာကို AA ဘက်က ဒီနေ့မွန်းတည့် ဝင်ရောက်လာရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရမှု ရှိမရှိ မသိရသေးပါဘူး။
စစ်တွေမြို့ ငပွန်းချေကျေးရွာ ရာအိမ်မှူး ၂ ဦးဖြစ်ကြတဲ့ ဦးဆီးဒီးအာမတ်နဲ့ ဦးအာဒူးရှုးကူးတို့ကို အေအေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဧပြီ ၉ ရက်က ဖမ်းဆီးခဲ့သလို စစ်တွေမြို့ တောကန်ကျေးရွာရှိ အေအေ တရားစစ်ဆေးရာ နေအိမ်တအိမ်ကိုလည်း ရဲတပ်ဖွဲ့ဝင်လေးဦးနဲ့ စစ်တပ်အင်အား ၂၀ လောက်က ဝင်ရောင်ရှာဖွေခဲ့ကြပါတယ်။
တောကန်ကျေးရွာ ဒေသခံတဦးက "ဟုတ်ပါတယ်၊ တောကန်ကျေးရွာက တရားစစ်ဆေးတဲ့နေအိမ်ကို စစ်ကောင်စီက ဝင်စစ်တာ၊ နောက် အနီးအနားက တရားစစ်ဆေးတဲ့ နေရာ ၃ ခုအထိ ရွှေ့ပေးလိုက်ရပါတယ်လို့ သိရပါတယ်" လို့ ဆိုပါတယ်။
နေရာပြောင်းရွှေ့လိုက်ရတဲ့ တရားစီရင်ရေးနေရာကတော့ ဝါဘိုကျေးရွာ၊ တောကန်ကျေးရွာနဲ့ ကူးတို့ဆိပ်ကျေးရွာ ၃ ခုဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ကို ပြောင်းရွှေ့ခဲ့တာပါ။
အဲဒီဒေသမှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့အတွက် ကျေးရွာသားတွေ စိုးရိမ်မှု မြင့်မားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်သင်္ကြန်ကာလအတွင်း စည်းကမ်းကြီးကြပ်ဖို့ ဒေသပါတီ ကော်မတီတွေကို AA က ညွှန်ကြားထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
(ဓာတ်ပုံ - AA)