မလေးရှားနိုင်ငံမှာ စစ်ကောင်စီသံရုံးရှေ့ ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၂ ယောက် ပြစ်ဒဏ်စေ့ပြီဖြစ်ပေမဲ့ လွှတ်မပေးဘဲ ဆက်လက်ချုပ်နှောင်ခံနေရဆဲဖြစ်တယ်လို့ သူတို့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ကွာလာလမ်ပူမြို့က စစ်ကောင်စီသံရုံးရှေ့မှာ ဖေဖော်ဝါရီ ၃ ရက်က ဆန္ဒပြခဲ့ကြတဲ့ မြန်မာပြည်သား ၃၁ ယောက်ကို မလေးရှားရဲက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူတို့ထဲက ၂၆ ဦး ပြန်လွတ်လာခဲ့ပြီး ၅ ဦးကတော့ တရားမဝင်နေထိုင်မှုနဲ့ အမှုဆက်လက်ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီ ၅ ဦးထဲက ကိုမောင်မောင်ကြီးနဲ့ ကိုရဲစိုးတို့ကို ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့ပြီး ကျန် ၃ ဦးကတော့ အမှု ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
ထောင်ဒဏ် ကျခံခဲ့ရတဲ့ ကိုမောင်မောင်ကြီးနဲ့ ကိုရဲစိုးတို့ဟာ မတ် ၁၅ ရက်မှာ ပြစ်ဒဏ်စေ့လို့ ထောင်ကလွတ်ခဲ့ပေမဲ့ တရားဝင်နေထိုင်ခွင့် အထောက်အထား မရှိတဲ့အတွက်ဆိုပြီး ဧပြီ ၁ ရက်က ပီရတ်ခ်ပြည်နယ် Langkap စခန်းကိုပို့ပြီး ဆက်လက် ချုပ်နှောင်ထားလိုက်တာပါ။
မလေးရှား NLD ပြောခွင့်ရသူ ကိုစိုးထက်သိန်းက “သူတို့ဟာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြလို့ မလေးရှားရဲက ဖမ်းဆီးခဲ့တာဖြစ်ပြီး မြန်မာပြည် ပြန်ပို့မယ်ဆိုရင် ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းခံရမှာပါ။ ပြစ်မှုတစုံတရာ ကျူးလွန်ထားတာ မရှိဘဲ ဒီမိုကရေစီအရေး လှုပ်ရှားသူနှစ်ဦးဟာ လွတ်ရက်မသိရနိုင်တဲ့ Langkap camp ကိုပို့ပြီး ချုပ်နှောင်ထားတာဟာ ဒီမိုကရေစီနိုင်ငံကြီးတခုမှာ မဖြစ်သင့်ဘူး” လို့ ပြောပါတယ်။
ဒီကိစ္စကို NUG အစိုးရနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း ကူညီဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။