ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်၊ မီးသတ်တပ်ဖွဲ့ရုံးမှာ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အတွက် အကတိုက်နေတဲ့ ယိမ်းအဖွဲ့ကို ဧပြီ ၁၂ ရက် ညက ဗုံးပစ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီတိုက်ခိုက်မှုဟာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်ပွဲကို ပူးပေါင်းပါဝင်တာ မပြုလုပ်ဖို့ အသိပေးတဲ့အနေနဲ့ မူဆယ်ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ (People Security And defense Army - Muse) ဆောင်ရွက်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုမှာ လူတွေထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မရရှိပါဘူး။
အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးကျင်းပမယ့် မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတွေမှာ ဗုံးခွဲတိုက်ခိုက် သတိပေးတာတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။