ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်မဲသင်းကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဧပြီ ၅ ရက်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိကြောင်း KNDF တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။
အဆိုပါ တောင်မဲသင်းဂိတ်ဟာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေး ငွေညှစ်တာ၊ ထိုင်ထလုပ်ခိုင်တာနဲ့ CDM တွေကို တွေ့ရှိပါက ကြုံသလို ဖမ်းဆီးနေတဲ့အတွက် KNDF/B-03 ရဲဘော်တွေက အလစ်ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သာ ၅ ဦး သေဆုံးပြီး သေနတ် ၄ လက်၊ ကျည်ဘောက် ၁၀ ခု၊ ၄၀-မမ တွေ၊ ကျည်ဆန်တချို့နဲ့ စစ်အသုံးအဆောင် တချို့သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
အခု ဧပြီလကစပြီး ကရင်နီပြည်နယ်အတွင်း ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်သားတွေကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်တာတွေ၊ တပ်စခန်းတွေကို သွားရောက်ခိုက်တာတွေ လုပ်ဆောင်နေပြီး မနေ့ ဧပြီ ၁၁ ရက်မှာ ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကရင်နီပူးပေါင်းတပ်သား ၆ ဦးကျဆုံးကာ ၁၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများပြား ဒဏ်ရာရရှိတယ်လို့ ကရင်နီပူးပေါင်းတပ်တွေထံက သိရပါတယ်။ ဒီကနေ့မှာလည်း ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။