မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း ဂေါက်ကွင်းမှာ သင်္ကြန်မဏ္ဍပ်တည်ဆောက်ဖို့ ကျောက်မျက်တွင်းသမားတွေဆီကနေ ရန်ပုံငွေ ၉ သိန်းစီ တောင်းခံပြီးနောက် ဧပြီ ၁၁ ရက်က တည်ဆောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"တွင်းသမားတွေဆီကနေ ၉ သိန်းဆက်ကြေးတောင်းတယ်။ ဂေါက်ကွင်းမှာ လုပ်တာကလည်း သူ တို့ ခွင့်ပြုထားတဲ့သူတွေပဲ တွင်းက လုပ်ခွင့်ရတာ။ ခုဆက်ကြေးတောင်းတာလည်း တွင်းပိုင်ရှင်တွေ ဆီက တောင်းတယ်ကြားတာပဲ။ အရင်ရှေ့ရက်တွေက ဂေါက်ကွင်းထဲမှာ သေနတ်ပစ်သံတွေ ဆက်တိုက်ကြားရတာပဲ။ ဘာလို့ ပစ်တာလဲဆိုတာတော့ မသိဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းဂေါက်ကွင်းမှာ သင်္ကြန်မဏ္ဍပ်ပြုလုပ်နေတာဖြစ်ပြီး အရှေ့ပိုင်းက MPT operator ရုံးနားမှာလည်း အစောင့်ကျနေတဲ့ စစ်ကောင်စီတပ်သားတွေက မဏ္ဍပ်ထိုးမယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
မိုးကုတ်မြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက သင်္ကြန်မဏ္ဍပ်လုပ်ပြီး ဆင်နွှဲဖို့ ပြင်ဆင်နေကြပေမယ့် ဒေသခံတွေကတော့ ပါဝင်ဆင်နွှဲသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒေသခံတဦးက “သူတို့ အာဏာသိမ်းတယ်လေ။ လက်ခံတဲ့သူ မရှိဘူး။ သူတို့ ခုမဏ္ဍပ်ဆောက်ပြီး သင်္ကြန်လုပ်တယ်။ တခြားဘယ်သူမှ မလုပ်ဘူး။ ခုသင်္ကြန်လည်း သူတို့နဲ့သူတို့ ပါတနာတွေပဲ အပျော်ကြ လုပ်ကြတာ” လို့ ပြောပါတယ်။
မိုးကုတ်မြို့ထဲက တခြားနေရာတွေမှာတော့ မဏ္ဍပ်တည်ဆောက်တာတွေ မရှိဘူးလို့ သိရပြီး အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အခုနှစ်အတာသင်္ကြန် လူစည်ကားစွာ ဆင်နွှဲဖို့ လုပ်ဆောင်နေပါတယ်။
မြေအောက်တော်လှန်ရေးအဖွဲ့တွေလည်း နိုင်ငံတဝန်း စစ်ကောင်စီ ဦးစီးကျင်းပမယ့် သင်္ကြန်မဏ္ဏပ်တွေဆီ မသွားကြဖို့၊ စစ်ကောင်စီတပ်တွေအနား မသွားရောက်ကြဖို့၊ အရက်သေစာ သောက်စားမူးယစ် အော်ဟစ် ကခုန်တာမပြုလုပ်ဖို့၊ တေးသီချင်းတွေ အသံကျယ်လောင်စွာမဖွင့်ကြဖို့နဲ့ မိမိနေအိမ်မှာသာ နေထိုင်ကြဖို့ လူထုကို သတိပေး ထုတ်ပြန်ထားပါတယ်။