မကွေးတိုင်း ပွင့်ဖြူမြို့နယ် စစ်ကောင်စီရဲ့ ဝါစိုက်ပျိုးရေးတပ်ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို ဧပြီ ၉ ရက်နေ့မွန်းလွဲပိုင်းမှာ ပွင့်ဖြူ PDF က ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနကို မီတာမဆောင်လို့ဆိုပြီး ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာ ၃၀ လောက်ကို လျှပ်စစ်မီးဖြတ်တောက်တဲ့အပြင် တော်လှန်သင်္ကြန်ကြိုတဲ့အနေနဲ့ ဝါစိုက်ပျိုးရေးတပ်ကို သွားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို မနေ့ မွန်းလွဲ ၂ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ပွင့်ဖြူ PDF ခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။
ပြည်သူကို ပြန်သတ်မယ့် ကျည်ဆန်အဖြစ် ပြောင်းလဲသွားမယ့် လျှပ်စစ်မီတာခ မပေးဆောင်တဲ့ ပြည်သူလူထုကို ပွင့်ဖြူ PDF က အထူးကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
ဇီးတောကျေးရွာဒေသခံတယောက် “ကျနော်တို့ အိမ်တွေကို လျှပ်စစ်မီး ဖြတ်ခံရတာတော့ ၃ ရက်လောက်ရှိပြီဗျ။ မီတာဘောက်တွေကိုတော့ ဖြုတ်သိမ်းတာတွေမရှိဘူး။ ထရန်စဖော်မာကနေ ဖြတ်ထားပုံရတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ အမှောင်ထဲမှာ ဖယောင်းတိုင်နဲ့ နေရတာထက်စာရင် စစ်အုပ်စု အာဏာသိမ်းလိုက်လို့ တိုင်းပြည်တခုလုံး အမှောင်ဖုံးနေတာက ပိုပြီးဆိုးရွားတဲ့အခြေနေပါ။ စစ်ကောင်စီကို အထောက်အပံ့ ဖြစ်စေမယ့် လျှပ်စစ်မီတာခကိုတော့ ဘယ်တော့မှ ဆောင်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်ပါးစေ လျှပ်စစ်ဌာနဟာ နေရာဒေသအသီးသီးက မြို့နယ်တွေ၊ ကျေးရွာတွေမှာ လျှပ်စစ်မီတာခတွေ အတင်းအကျပ် ကောက်ခံတာကြောင့် မီတာစာရေးတွေ မကြာခဏ သတ်ဖြတ်ခံရတာတွေရှိသလို လျှပ်စစ်ရုံးတွေလည်း မကြာခဏ ဗုံးခွဲတိုက်ခိုက်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ဦးစီးကျင်းပမယ့် သင်္ကြန်ရေကစားမဏ္ဍပ်တွေမှာ ပြည်သူလူထုအနေနဲ့ မသွားရောက်ကြဖို့ကိုလည်း သတိပေးထားပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့နယ် ကိုင်းစံပြကျေးရွာကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကား ၁ စီးကိုလည်း ဧပြီ ၉ ရက် နေ့ခင်းပိုင်းက အင်ပင်ကျေးရွာယောင်းမစွန်ဆီဆိုင်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Earthquake People's Defense Force က ပြောပါတယ်။
"မနေ့ကတည်းက ဒီလမ်းကို ပြည်သူတွေမသုံးကြဖို့ ကြိုသိပေးထားပြီးဖြစ်ပါတယ်၊ ဒီလမ်းကို စစ်ကောင်စီတပ်က သုံးနေတယ်လို့ သိရတဲ့အတွက် သူတို့အလာကိုစောင့်ပြီး ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။”
စစ်သား ၆ ယောက်လောက် လိုက်ပါလာတဲ့ စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ ဆိုပေမဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။
စစ်ကောင်စီ တပ်သားတွေက ကိုင်း(စံပြကျေးရွာ)ကို ဧပြီ ၉ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ရွာထဲက အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာအတွင်းက လူငယ်တယောက်ကိုလည်း ဆိုင်ကယ်မရပ်ပေးတာကြောင့် ပစ်ခတ်ခဲ့တယ်လို့ သိရပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ သေနတ်ပစ်ခတ်တာတွေအပြင် ဗုံးကွဲသံတွေပါ ကြားနေရတာကြောင့် ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။