ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ဧပြီ ၈ ရက် ညနေပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ဇနီးဖြစ်သူကို ဓားနဲ့ခုတ်မှုဖြစ်ပွားခဲ့ပါတယ်။
ကျွဲတလင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းညိုက ညနေ ၅ နာရီကျော်လောက်မှာ ဇနီးဖြစ်သူနဲ့ စကားများရာကနေ ဓားနဲ့ခုတ်ခဲ့တာကြောင့် နားရွက်တဖက်ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စကားများပြီးတော့ ခုတ်တာ လည်ပင်းကို ခုတ်တာ၊ လည်ပင်းတော့ မပြတ်ဘူး နားရွက်ပြတ်သွားတယ်။ ပြီးတော့ ခေါင်းလည်း ထိတယ်၊ လည်ပင်းလည်း ထိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဓားနဲ့အခုတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးရဲ့ဇနီးဖြစ်သူဟာ လည်ပင်း၊ ခေါင်းနဲ့ နားရွက်ပြတ်ခဲ့တာကြောင့် ညတွင်းချင်း ဆေးရုံပို့ဆောင်ခဲ့ရပြီး စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက အခင်းဖြစ်ပြီး နာရီပိုင်းအကြာမှာ ရောက်လာပေမဲ့ အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခြင်းမရှိဘဲ ဖြစ်စဉ်ကို အဆင့်ဆင့်မတင်ပြဘဲ သတင်းအုပ်ထားဖို့ လုပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။