Home
မြန်မာသတင်း
လပွတ္တာမြို့တွင် စစ်ကောင်စီတပ်က စစ်သားသစ် စုဆောင်းနေ
DVB
·
April 10, 2022
277815570_1314872425663764_2481894627120370460_n

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အကြမ်းဖက် အဖွဲ့အစည်းတွေ ဖြစ်တယ်လို့ စွပ်စွဲပြောဆိုကာ စစ်သားသစ်စုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

ဧပြီလဆန်းပိုင်းက စတင်ကာ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောနဲ့အတူ ရေတပ်အရာရှိတွေက ကျေးရွာကမ်းနား လိုက်ကပ်ပြီး ရွာသားတွေကို အစည်းဝေးခေါ်ကာ ခုလိုဟောပြောစည်းရုံးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“တရွာဝင် တရွာထွက်ပုံစံမျိုးလုပ်နေတာ။ သူတို့က မြစ်ကမ်းနဲ့နီးတဲ့ ရွာတွေကို ကပ်တာ ရေတပ်သင်္ဘောနဲ့လာတာ၊ လာတာကတော့ စစ်သားစုဆောင်းဖို့လာတာ။ ပြီးတော့မှ PDF,NUG နဲ့ NLD တွေဆိုတာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ကိုင်နေတာဖြစ်တယ် မကောင်းဘူး မပတ်သက်နဲ့ မဆက်သွယ်နဲ့ဆိုတာတွေ ပြောတာ၊ ပြီးတော့ သူတို့က ဘယ်လိုကောင်းကြောင်းပြောပြီး တပ်သားသစ်ဝင်ဖို့ ဆွယ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့အတူ စစ်ကောင်စီတပ် အရာရှိတွေက ရွာတွေမှာ လိုက်လံစည်းရုံးဟောပြောပြီး တပ်သားသစ်စုဆောင်းနေပေမယ့် ၁၀ ရက်ကြာတဲ့အထိ ဝင်သူမရှိသေးဘူးလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် စစ်တပ်ထဲရော ရဲထဲကိုပါ ဝင်တဲ့ အရေအတွက်နည်းလာလို့ ဒီလိုမျိုး ကျေးရွာတွေထိ ကွင်းဆင်းပြီး လိုက်လံစုဆောင်းနေရတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီရဲ့ ရေတပ်အရာရှိတွေက ဧရာဝတီတိုင်းအတွင်းက မြစ်ကမ်းနဲ့ နီးတဲ့ ကျေးရွာတွေမှာ စစ်င်္ဘောတွေနဲ့အတူ ကျေးရွာတွေကိုလိုက်လံပြီး စစ်သားသစ်ရရှိရေး စုဆောင်းတာတွေကို ဧပြီလဆန်းပိုင်းက စတင်ပြုလုပ်လာတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024