မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအုပ်စု၊ ကင်းရွာမှာ ဧပြီ ၈ ရက် ည ၁၁ ခွဲကျော်လောက်က စစ်ကောင်စီတပ်သားတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိ၇ပါတယ်။
ကင်းရွာကို စစ်ကောင်စီတပ်သားတွေ ဧပြီ ၇ ရက်က စစ်ကား ၁၃ စီး နဲ့ ရောက်လာပြီး နောက်နေ့ ညပိုင်းမှာ မီးရှို့သွားတာဖြစ်ကာ အနည်းဆုံး နေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
မတ္တရာမြို့နယ်မှာ နေထိုင်သူတဦးက “ကင်းရွာက ဘုန်းကြီးသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရွာကိုမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာရှိတယ်။ ရွာမှာလည်း လူတော်တော်များများမရှိတော့ဘူး။ ရှိတဲ့သူတွေကိုလည်း တအိမ်တယောက်ခေါ်ပြီး ရွာကို မီးမရှို့ဘူးဆိုတဲ့အကြောင်း ပြောတယ်လို့တော့ သိရတယ်။ အဲ့လိုပြောပြီး ညပိုင်းက မီးရှို့သွားတာ။” လို့ပြောပါတယ်။
ဧပြီ ၄ ရက် မနက် ၅ နာရီခွဲလောက်က ကင်းကျေးရွာရှိ လွင်ဦးကျောင်းတိုက်နေ သက်တော် ၄၇ နှစ် ဝါတော် ၂၇ ဝါ ရှိ ကျောင်းထိုင်ဆရာတော်ဦးသုစတိကဟာ သေနတ်နဲ့ ပစ်ခံရတာကြောင့် နေရာမှာတင် ပျံလွန်တော်မူသွားခဲ့ပါတယ်။