စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ တန့်ဆည်မြို့နယ်တွေမှာ ဧပြီ ၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ရွာပြင်ထွက်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပုလဲမြို့တော်ဝင်နဂါးတပ်တော် တာဝန်ရှိသူ ဗိုလ်နဂါးက ပြောပါတယ်။
“ဒီကောင်တွေ ရွာအပြင်ထွက်လာတဲ့အချိန်မှာ ကျနော်တို့ ပိုင်ပိုင်နိုင်နိုင်ပစ်နိုင်ခဲ့တယ်။ သေဆုံးတာ က ၃ ဦး အတိအကျပဲ။ ကျနော်တို့ လက်နက်ကောက်မယ်လို့ ကြံနေတုန်း သူတို့ဘက် စစ်ကူရောက်လာတယ်။ နောက်ပြီး လက်နက်ကြီးတွေနဲ့ထုလို ကျနော်အဖွဲ့တွေ နောက်ဆုတ်ခဲ့ရတယ်ဗျ။ အထိခိုက်အကျဆုံးကတော့ ကျနော့်လူတွေ တဦးတယောက်မှမရှိခဲ့ဘူး။”
အခု တိုက်ဖြစ်ပွားခဲ့တဲ့ ဇီးဖြူကုန်းကျေးရွာမှာ စစ်ကောင်စီတပ်တွေဟာ ဘုန်တော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲထားပြီး အဲဒီရွာကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အခုလို ဝင်ရောက်တိုက်ခိုက်တာ ၃ ကြိမ်ရှိပြီလို့ သိရပါတယ်။
တန့်ဆည်မြို့နယ်၊ ထန်းပင်ဆိပ်ရွာအနီးမှာလည်း ဧပြီ ၇ ရက်နေ့ နေလယ်ပိုင်းမှာ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “ကျနော်တို့မြို့နယ်ထဲကို ဒီကောင်တွေ ဧပြီလ ၇ ရက် နေ့လယ်ပိုင်းက မူးခွရွာကနေ စစ်ကြောင်းအရင်ထိုးလာခဲ့တာ။ ဒီကောင်တွေ လာတာကိုသိလို့ ကျနော်တို့အဖွဲ့တွေ ကြိုတင်ပြင်ဆင်တာတွေလုပ်တယ်။ ကျနော်တိုပြင်ဆင်ထားတဲ့ ထန်းပင်ဆိပ်ရွာအနီး ရောက်တာနဲ့ မိုင်းဆွဲခဲ့တယ်ဗျ။ နှစ်ကောင်ကတော့ သေတယ်ဆိုတာ ကျနော်တို့ မျက်စိနဲ့တပ်အပ်မြင်လိုက်တယ်” လို့ ပြောပါတယ်။
အဲလို မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီတပ်တွေဟာ လာလမ်းအတိုင်း မူးခွကျေးရွာဘက် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ပုလဲမြို့နယ်နဲ့ တန့်ဆည်မြို့နယ်တွေမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။