ဧပြီ ၅ ရက်နေ့တွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ “ကုလသမဂ္ဂအဖွဲ့ကြီးကို ဖျက်သိမ်းတော့မလား နိုင်ငံတကာဥပဒေတွေ မရှိတော့ဘူးလား” အစရှိသဖြင့် မေးခွန်းထုတ်ကာ ရုရှား၏ ဗီတိုအာဏာသုံးမှုအပေါ်တွင်လည်း ဝေဖန်ခဲ့ပါသည်။ သည့်မတိုင်ခင်ကလည်း ယူကရိန်းသမ္မတသည် ရုရှား၏ ကျူးကျော်စစ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂအပေါ်တွင် ဝေဖန်ပြောဆိုမှုများ ရှိခဲ့ပေသည်။
တကယ်တော့ ယူကရိန်းနိုင်ငံသည် ကုလသမဂ္ဂအကြောင်းကို ရုရှား၏ ကျူးကျော်မှုခံရသည့် ယခုနှစ်မှ ကိုယ်တိုင်သိရှိလာရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံကမူ ပြီးခဲ့သည့်နှစ်ကတည်းက ထိုကုလသမဂ္ဂအကြောင်း ကောင်းကောင်းသိရှိခဲ့ပြီ ဖြစ်သည်။ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက ကုလသမဂ္ဂသည် မြန်မာပြည်သူများအကြား လူပြောများလာခဲ့ပြီး အစပိုင်းတွင် အားကိုးယုံကြည်မှု၊ မျှော်လင့်မှုတို့ ရှိခဲ့ကြသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကုလသမဂ္ဂ၏ လက်တွေ့မရှိသည့် အပြောများကို သိရှိလာကြပြီးနောက် ကုလသမဂ္ဂဆိုသည်ကို စိတ်ပျက်၊ လှောင်ပြောင်သည့်အနေဖြင့်သာ ပြောဆိုလာကြတော့သည်။ ယခုဆိုလျှင်တော့ ဗမာပြည်သူပြည်သားများမှာ ကုလသမဂ္ဂ ဆိုသည်ကို စိတ်ထဲမှာပင် မရှိကြတော့။ သင်းတို့အကြောင်း စောဖေတို့က နောကျေနေပြီဟုပင် ပြောကြပေလိမ့်မည်။
အရေးကြီးကိစ္စများနှင့်ပတ်သက်လာလျှင် ကုလသမဂ္ဂသည် အဘယ်ကြောင့် ထိုသို့ ထိရောက်မှုမရှိ ဖြစ်ရပါသနည်း။ ကုလသမဂ္ဂ၏ စွမ်းဆောင်ရည်ချို့တဲ့မှုအပေါ် ဝေဖန်မှုအမျိုးမျိုး ရှိကြသည်နှင့် အတူ တချို့ကလည်း ထိုသို့ ဖြစ်ရသည်မှာ အဓိကအားဖြင့် လုံခြုံရေးကောင်စီကြောင့်ဟူ၍ သုံးသပ်ကြပေသည်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာကြီးအဖွဲ့ကပင် “ယခုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပြဿနာများကို ထိထိရောက်ရောက် ကုစားဖို့ နည်းလမ်းရှာကြမည်ဆိုလျှင် လုံခြုံရေးကောင်စီအဖွဲ့ဝင် ငါးနိုင်ငံလုံး၏ ဗီတိုအာဏာသုံးပိုင်ခွင့်ကို စွန့်လွှတ်ခြင်းသည်လည်း စဉ်းစားထိုက်သည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်” ဟု ၂၀၁၄ တွင် ရေးသားစီရင်ခံခဲ့ဖူးပါသည်။ သို့ဖြစ်ရာ ထိုသို့ အရေးပါသည့် လုံခြုံရေးကောင်စီအကြောင်းကို အနည်းငယ်မျှ မျှဝေချင်ပါသည်။
လုံခြုံရေးကောင်စီ
လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂ၏ အဓိကအဖွဲ့အစည်းကြီး ၆ ခုအနက်မှ တစ်ခု ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး၌ ထိရောက်မှု မရှိတော့သည့် နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဖျက်သိမ်းပြီးနောက် အသစ်ထူထောင်လိုက်သော ကုလသမဂ္ဂအဖွဲ့အစည်းကြီးမှ ပေါ်ပေါက်လာသော ကုလအဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းခြင်း၊ နိုင်ငံတကာလုံခြုံရေးကို ထိခိုက်ဖွယ်ရှိသည့် အခြေအနေများကို စုံစမ်းခြင်း၊ ထိုသို့ ဖြစ်စေသည့် မည်သည့်အဖွဲ့အစည်းကိုမဆို အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် ကုလအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းခြင်း၊ ကုလအဖွဲ့ဝင်နိုင်ငံသစ်များအတွက် ကုလအဖွဲ့ဝင်ရန် ထောက်ခံချက်ပေးခြင်း စသည့်ကိစ္စရပ်များတွင် လုံခြုံရေးကောင်စီ၌ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိသည်။
ထို့အပြင် ၎င်း၏ ဆုံးဖြတ်ချက်များမှာ စည်းနှောင်မှုရှိသည့်အတွက် ကုလအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံစလုံးကပင် လိုက်နာကြရပေသည်။ ထို့အတွက်ကြောင့် လုံခြုံရေးကောင်စီမှာ ကုလအဖွဲ့အစည်းများအနက် လက်စောင်းထက်သည့် ပဋိပက္ခဖြေရှင်းရေးယန္တရားကြီးတစ်ခုဟုပင် ပြောစမှတ်ပြုကြပါသည်။
ဖွဲ့စည်းပုံ
လုံခြုံရေးကောင်စီကို အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ၊ ယာယီအဖွဲ့ဝင် ၁၀ နိုင်ငံ၊ စုစုပေါင်း ၁၅ နိုင်ငံဖြင့် ဖွဲ့စည်းထားရှိသည်။ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံမှာ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်။ ယာယီအဖွဲ့ဝင်များကိုမူ တသတ်မတ်တည်းမထားရှိဘဲ အပြောင်းအလဲရှိကာ ၎င်းတို့၏ တာဝန်သက်တမ်းမှာလည်း နှစ်နှစ်သာ ရှိသည်။ ထို့ပြင် ၎င်းတို့သည် အရေးကြီးကိစ္စရပ်များနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးရာတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများလို ဗီတိုအာဏာကို သုံးစွဲပိုင်ခွင့် မရှိပေ။ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ၌သာလျှင် ဗီတိုအာဏာကို သုံးခွင့်ရှိသည်။
ပဋိပက္ခ ဖြေရှင်းခြင်း
ကုလပဋိညာဥ်စာတမ်းအရ လုံခြုံရေးကောင်စီသည် နိုင်ငံတကာပဋိပက္ခများကို ဖြေရှင်းရာတွင် ငြိမ်းချမ်းသောနည်းများဖြင့် ဖြေရှင်းပေးရမည်ဟု ဆိုသည်။ ကုလအဖွဲ့ဝင် နိုင်ငံများကိုလည်း ဆွေးနွေးခြင်း၊ ခုံဖွဲ့ဆုံးဖြတ်ခြင်း စသည့်ငြိမ်းချမ်းသောနည်းများဖြင့် အတတ်နိုင်ဆုံး ဖြေရှင်းစေရပေမည်။ ထိုနည်းလမ်းများ မအောင်မြင်မှသာ ကုလပဋိညာဥ် အခန်း (၇) အရ လုံခြုံရေးကောင်စီသည် ဒဏ်ခတ်ပိတ်ဆို့ခြင်းမှသည် စစ်အင်အားကို အသုံးပြုခြင်းအထိ အရေးယူမှုများကို ပြုလုပ်နိုင်ပေသည်။
ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်ပတ်သက်လျှင် ကုလပဋိညာဥ်၏ အပိုဒ် ၄၁ ပါ စီးပွားရေး၊ ဆက်သွယ်ရေး၊ သံတမန်ရေး အဆက်အသွယ်များ ဖြတ်တောက်ခြင်း စသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ၊ လက်နက်တင်ပို့မှု ပိတ်ပင်ခြင်း၊ ခရီးသွားလာခွင့်ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများ ထိန်းချုပ်ကန့်သတ်ခြင်း၊ ကုန်သွယ်ရေးပိတ်ဆို့ခြင်းတို့ကို အသုံးပြုနိုင်ကြသည်။ ထိုသို့ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် မလုံလောက်သည့်အခါမှသာ စစ်အင်အား အသုံးပြုခြင်းကို ပြုလုပ်နိုင်သည်။
ဤသည်တို့မှာ ကုလ၏ တာဝန်၊ ဖွဲ့စည်းပုံနှင့် လုပ်ပိုင်ခွင့်အာဏာတို့အပေါ် အကြမ်းဖျင်း ဖော်ပြခြင်း ဖြစ်ပါသည်။ ထိုသို့ မူဝါဒများ၊ ပြဋ္ဌာန်းချက်များရှိသည့် လုံခြုံရေးကောင်စီသည် လက်တွေ့မှာတော့ ကွာခြားချက်များစွာ ရှိနေသည်။
စစ်မိစ္ဆာများ၏ လူ့အခွင့်အရေး ကြီးကြီးမားမား ချိုးဖောက်မှုများကို ခံနေရကာ လူပေါင်းထောင်ချီ သတ်ဖြတ်ခံနေရသော မြန်မာနိုင်ငံသားများအတွက် လုံခြုံရေးကောင်စီသည် စိုးရိမ်၊ စိတ်ပူ၊ တောင်းဆို၊ ရှုတ်ချ ဆိုသည့် စာထုတ်ပြန်ရုံသာ ပြုလုပ်နိုင်ခဲ့ပေသည်။
ထိုနည်းတူ ယူကရိန်းနိုင်ငံအတွက်လည်း မည်သည့်ထိရောက်မှုမှ မလုပ်နိုင်ခဲ့။ ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်အတွက် ကျူးကျော်သူ ရုရှားကိုယ်တိုင်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အကာအကွယ်ယူပြီး ထင်တိုင်းကြဲနေတော့သည်။ သို့ဆိုလျှင် ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီသည် မည်သည့်နေရာများတွင် မှားယွင်းကာ၊ မည်သည့်အရာများက လွဲချော်နေပါသနည်း။ ထိုအချက်များနှင့်ပတ်သက်လျှင်လည်း သုံးသပ်မှုအသီးသီး ရှိကြပါသည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်
ပထမဆုံးအချက်မှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်မှုပင် ဖြစ်သည်။ ဆိုခဲ့ပြီးသလိုပင် လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံရှိပြီး ၅ နိုင်ငံမှာ အမြဲတမ်းအဖွဲ့ဝင်များဖြစ်ကာ ကျန် ၁၀ နိုင်ငံမှာမူ ယာယီတာဝန်ထမ်းဆောင်ခွင့်သာရပြီး အရေးကြီး ကိစ္စရပ်များတွင်လည်း ဗီတိုအာဏာကို အသုံးပြုခွင့်မရပေ။ အရေးကြီးသော ကမ္ဘာ့ရေးရာပဋိပက္ခများကို ဖြေရှင်းရာတွင် ထိုအဖွဲ့ဝင် ၅ နိုင်ငံကသာလျှင် ကြိုးကိုင်ခြယ်လှယ်ကာ ၎င်းတို့၏အကျိုးစီးပွားနှင့် ကိုက်ညီမှသာလျှင် ဆောင်ရွက်ကြပြီး ၎င်းတို့၏ အကျိုးစီးပွားနှင့် မကိုက်ညီပါက ဗီတိုအာဏာ သုံးကာ ပယ်ချနေကြသည်ဟု ဆိုရပါမည်။ သာဓကဆောင်ရလျှင် မြန်မာနိုင်ငံကိုပဲ ကြည့်ပါ။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့က စစ်မိစ္ဆာများကို အရေးယူဖို့ လုံခြုံရေးကောင်စီတွင် ဆွေးနွေးကြသော်လည်း တရုတ်နှင့် ရုရှားတို့က ပြည်တွင်းရေး၊ ဘာညာဖြင့် သူတို့အတွက် အကျိုးဖြစ်ထွန်းစေသည့် အကြမ်းဖက်စစ်ကောင်စီကို အရေးမယူနိုင်စေရန် ဗီတိုအာဏာ အသုံးပြုခဲ့ကြသည် မဟုတ်ပါလော။ အလားတူ တချိန်ကဆိုလျှင်လည်း ရေနံ ချမ်းသာသော ကူဝိတ်နိုင်ငံကို လူသားချင်းစာနာမှုအရ ဝင်ရောက်စွက်ဖက်ခြင်းမူဖြင့် အကာအကွယ်ပေးခဲ့သော်လည်း သယံဇာတ ချို့တဲ့သော ရဝမ်ဒါနိုင်ငံကိုတော့ လူမျိုးတုံး သတ်ဖြတ်မှု ကပ်ဆိုးမှ အကာအကွယ်မပေးနိုင်ခဲ့ပါ။
ဗီတိုအာဏာ
နောက်တစ်ခုမှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ၏ ဗီတိုအာဏာပင် ဖြစ်သည်။ ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်း အပိုဒ် ၂၇ အရ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကဲ့သို့ အရေးကြီးသော ကမ္ဘာ့ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်နိုင်ဖို့ ဆုံးဖြတ်ကြလျှင် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံစလုံးမှ တညီတညွတ်တည်း သဘောတူကြဖို့ လိုသည်။ တနည်းပြောရလျှင် တနိုင်နိုင်ငံမှ ဗီတိုအာဏာမသုံးဖို့ လိုအပ်သည်။ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံအနက် တနိုင်ငံမှ ဗီတိုအာဏာကို အသုံးပြုလိုက်လျှင် လုံခြုံရေးကောင်စီမှ အရေးယူမည့်အစီအစဥ်များ အဟောသိကံ ဖြစ်သွားရတော့သည်။ ဆီးရီးယား ပြည်တွင်းစစ်နှင့်ပတ်သက်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ၊ ခရိုင်မီးယားကျွန်းဆွယ်ကို ရုရှား သိမ်းပိုက်မှုအတွက် ရှုတ်ချမှုများ၊ ၁၉၈၃ တွင် ကိုရီးယားနိုင်ငံပိုင်လေယာဥ်ကို ပစ်ချမှုကြောင့် ဆိုဗီယက်ယူနီယံကို ရှုတ်ချရန် ကုလ၏ ဆုံးဖြတ်ချက်များသည် ထိုဗီတိုအာဏာကြောင့်ပင် ပျက်ပြယ်ခဲ့ရပါသည်။ ထိုသို့ကိစ္စများမှ လက်ရှိ မြန်မာ့အရေး၊ ယူကရိန်းအရေးများအထိပင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိခိုက်ခံရမှုများအတွက် ထိထိရောက်ရောက် အရေးယူဖို့ လုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်ကြသည့်တိုင် ရုရှားနှင့် တရုတ်လိုနိုင်ငံများက ဗီတိုသုံးကာ ပယ်ချနေပေတော့ရာ ဗီတိုအာဏာသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်ပေးရာ၌ အဟန့်အတားဖြစ်လာပြီလားဟုပင် မေးခွန်းထုတ်ရမလို ဖြစ်နေပါသည်။
ထို့အတွက်ကြောင့်ပင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ၎င်း၏ ၂၀၁၄/၂၀၁၅ အစီရင်ခံစာတွင် “အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံသည် ၎င်းတို့၏ နိုင်ငံရေးအကျိုးစီးပွား၊ ပထဝီနိုင်ငံရေး အကျိုးစီးပွားပေါ်တွင်သာ အဓိကဦးစားပေးပြီး အကာအကွယ်လိုအပ်နေသော အရပ်သားများ၏ အကျိုးစီးပွားကို နောက်ဆုံးကျမှသာ ထည့်သွင်းစဥ်းစားသည်။
လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပြဿနာများကို ဖြေရှင်းရာတွင် လုံခြုံရေးကောင်စီမှ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ၏ ဗီတိုအာဏာကို စွန့်လွှတ်ခြင်းသည်လည်း အဖြေတစ်ခု ဖြစ်နိုင်သည်ဟု ဝေဖန်ခဲ့လေသည်။ ထိုမျှမက ဗီတိုအာဏာသည် ကုလသမဂ္ဂ၏ နိုင်ငံအားလုံး တန်းတူညီမျှ ဖြစ်ကြပါသည်ဟူသော မူကိုလည်း ပြက်ရယ်ပြုရာ ရောက်နေပေသည်။
၂၀၁၄ တွင် ရုရှား၏ ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်မှုအတွက် ကုလအထွေထွေညီလာခံ၌ အစည်းအဝေးပြုလုပ်နေစဥ် ထိုစဥ်က ယူကရိန်းသမ္မတ ပက်ဒရိုပိုရိုရှန်ကိုမှ ယခုလို ပြောကြားခဲ့ပါသည်။
“ဒီမိုကရေစီနိုင်ငံ တနိုင်ငံမှာ တယောက်ယောက်က ခင်ဗျားရဲ့ပစ္စည်းကို ခိုးယူသွားပြီ ဆိုပါစို့။ အဲဒီအခါကျရင် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ တရားရုံးက ခင်ဗျားအတွက် တရားမျှတမှု ဖြစ်အောင် ဆောင်ရွက်ပေးပါလိမ့်မယ်။ ခင်ဗျားရဲ့ အခွင့်အရေးကို အကာအကွယ်ပေးပြီး ပြစ်မှုကျူးလွန်သူကို အပြစ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ အခု ၂၁ ရာစု ကမ္ဘာကြီးမှာတော့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ခိုးယူသွားတဲ့ ကျူးကျော်သူနိုင်ငံကို အရေးယူပေးနိုင်မယ့် ထိရောက်တဲ့ယန္တရားတွေ မရှိဘူးဆိုတာကို ကျနော် စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်” ဟု ပြောကြားခဲ့ပေသည်။
ထိရောက်အောင် မစွမ်းဆောင်နိုင်မှု
နိုင်ငံတကာအရေးအခင်းများကို ကုလသမဂ္ဂမှ ထိရောက်စွာ ဆောင်ရွက်ချင်လျှင်တောင်မှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဖြတ်သန်းရသည်။ လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံအားလုံးက တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်မှသာလျှင် ကမ္ဘာ့အရေးအခင်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထိုသို့ တညီတညွတ်တည်း သဘောတူညီမှုမရရှိခဲ့လျှင် ကုလသမဂ္ဂခမျာ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်တော့ပေ။ ဤအချက်မှာလည်း အပေါ်က ဗီတိုအာဏာနှ င့်လာ၍သက်ဆိုင်နေပြန်သည်။
၁၉၉၄ ခုနှစ်တွင် ကုလအတွင်းရေးမှူးချုပ်ရုံး၏ အထူးသံတမန် မိုဟာမက်ဆန်နောင်းက သူ၏ “Somalia: The Missed Opportunities” ဆိုသည့် စာအုပ်တွင် ၁၉၉၂ ၌ ဆိုမာလီယာ အရေးတွင် ကုလဝင်ရောက်ဖို့ ပျက်ကွက်ခဲ့သည့်အကြောင်း ဖော်ပြခဲ့သည်။
“ဆိုမာလီယာ ပြည်တွင်းစစ် စတင်သည့် ၁၉၈၈ နှင့် စစ်ပွဲပြီးသည့် ၁၉၉၁ ဇန်နဝါရီလ ကာလအတွင်း ကုလသမဂ္ဂသည် ဆိုမာလီယာ နိုင်ငံသားတို့၏ ကံဆိုးမိုးမှောင်ကျမှုကို ဖယ်ရှားပေးရန် အခွင့်အရေး သုံးကြိမ်တိုင်တိုင် ရရှိခဲ့ပါသည်။ သို့တိုင် ပျက်ကွက်ခဲ့သည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် ကြိုးပမ်းသည့် အချိန်မှာတော့ အနှီ ကုလသမဂ္ဂသည် NGO များလောက်ပင် အဆင့်မရှိတော့ပေ။ ထို့အတွက်ကြောင့်ပင် ကုလသမဂ္ဂသည် အခြေခံကျသည့် ပြောင်းလဲမှုများ လုပ်ဆောင်မှု မရှိပါက နောက်နောင်တွင် ဤကဲ့သို့ အရေးအခင်းများ ကြုံလျှင်လည်း ဖြစ်ကတတ်ဆန်း လုပ်ဆောင်မှုများနှင့်သာ ခရီးဆက်နေရဦးမည် ဖြစ်ကြောင်း” သတိပေး ရေးသားထားပါသည်။
ထို့အပြင် ၂၀၀၉ ခုနှစ်က သီရိလင်္ကာ ပြည်တွင်းစစ်တွင်လည်း အရပ်သား ထောင်ပေါင်းများစွာ သတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ကုလအရာရှိဟောင်း Charles Petrie ဦးဆောင်သည့်အဖွဲ့က “သီရိလင်္ကာနှင့် နယူးယောက်ရှိ ကုလဝန်ထမ်းများသည် လူသားချင်းစာနာမှုအကူအညီများပေးရန် အခက်အခဲများ ရှိကြောင်းကို သီရိလက်ာအစိုးရနှင့် ဖြေရှင်းရမည့်တိုင် ပျက်ကွက်ခဲ့သည်။ အရပ်သားများ သေကျေပျက်စီးစေသည့် တိုက်ခိုက်မှုများအတွက် အစိုးရတွင် တာဝန်ရှိကြောင်းကိုလည်း အကြောင်းကြားရန် သူတို့၌ ဆန္ဒရှိဟန် မတူပေဟု ပြောဆိုထားသည်။ လူ့အခွင့်အရေးအဖွဲ့များ၏ အဆိုအရ ထိုပြည်တွင်းစစ်တွင် စစ်တပ်၏ ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးမှုမှာ လေးသောင်းအထိ ရှိသည်ဟု သိရှိရသည်။
ဒီမိုး၊ ဒီလေ၊ ဒီလူတွေနှင့်ဆိုလျှင်
အရေးကြီးကိစ္စများနှင့်ပတ်သက်လာလျှင် ကုလသမဂ္ဂ၏ သွက်ချာပါဒလိုက်နေရခြင်း၏ အကြောင်းအရင်းအမျိုးမျိုးကို သုံးသပ်ကြရာ လုံခြုံရေးကောင်စီ ဟူသည့် အကြောင်းရင်းတစ်ခုလည်း အပါအဝင် ဖြစ်ပါသည်။
ကုလသမဂ္ဂ၏ စွမ်းဆောင်ရည်ချို့တဲ့မှုအပေါ် ဝေဖန်မှုအမျိုးမျိုး ရှိကြသည်နှင့်အတူ အချို့ကလည်း ထိုသို့ ဖြစ်ရသည်မှာ အဓိကအားဖြင့် လုံခြုံရေးကောင်စီကြောင့်ဟူ၍ သုံးသပ်ကြပေသည်။ သို့ဖြစ်သည်နှင့်အညီ အနာရှိ ဆေးသိ ဆိုသည့်အတိုင်း ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးတိုက်တွန်းမှုများလည်း ရှိခဲ့ကြပေသည်။ သို့တိုင် လုံခြုံရေးကောင်စီ၏ ဤသို့ ဒီမိုကရေစီမကျသည့် ဖွဲ့စည်းပုံအကျပ်အတည်းကို ပြင်ဆင်ဖို့ဆိုလျှင် ကုလပဋိညာဉ်စာတမ်းကို ပြင်ဆင်ရမည်ဟု ဆိုကြသည်။
ထိုသို့ ပြင်ဆင်မည်ဆိုလျှင်လည်း ကုလပဋိညာဉ် အပိုဒ် ၁၀၈ အရ ကုလအဖွဲ့ဝင်နိုင်ငံ စုစုပေါင်း၏ သုံးပုံနှစ်ပုံက ထောက်ခံမဲပေးကာ၊ အတည်ပြု လက်မှတ်ရေးထိုးကြရပေဦးမည်။ လွယ်တော့ မလွယ်။ သို့အတွက်ကြောင့် တချို့သောနိုင်ငံများက ကုလဖွဲ့စည်းပုံကို မပြင်ဆင်နိုင်ရင်တောင် ပိုပြီးပွင့်လင်းမြင်သာမှုရှိဖို့၊ စစ်ရေးအဖွဲ့များတွင် ပါဝင်သော အဖွဲ့ဝင်နိုင်ငံများနှင့် ရင်းနှီးစွာ တိုင်ပင်ဆွေးနွေးဖို့ စသည့် လုပ်ထုံးလုပ်နည်းပြောင်းလဲမှုများကို ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ကြသည်။ တချို့ကလည်း အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ အရေအတွက်ကို တိုးပေးဖို့ တောင်းဆိုကြပါသည်။ တချို့ကမူ ယူကရိန်းသမ္မတ ဇယ်လန်းစကီး ပြောသွားသလို ရုရှားနှင့် တရုတ်လို အာဏာရှင်နိုင်ငံတွေကို လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့ကို ထိန်းသိမ်းပေးရန် တာဝန်ရှိသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီလို နေရာမျိုးတွင် နေရာမပေးကြတော့ဖို့ တောင်းဆိုကြသည်။
သခင်စိုးစကားနှင့် ပြောရလျှင် ဖာခေါင်းက လုပ်တဲ့ ပြည့်တန်ဆာပပျောက်ရေး မဖြစ်ဖို့ တောင်းဆိုကြခြင်း ဖြစ်ပေသည်။
မည်သို့ရှိစေ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ မတရား ကျူးကျော်စစ်များ၊ ရက်စက်ကြမ်းကြုတ် လူမျိုးဖြုတ်မှုများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စများ စသည့် ကြီးလေးသောကိစ္စများကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ဆိုလျှင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်း ထိထိရောက်ရောက်ပြင်ဆင်ဖို့ လိုအပ်မည် ဖြစ်သည်။
ထိုသို့မဟုတ်မူဘဲ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ ယခုအတိုင်း ဆက်လက်သွားနေဦးမည်ဆိုပါက ကုလသမဂ္ဂသည်လည်း ၎င်း၏နောင်တော်ဖြစ်သည့် နိုင်ငံပေါင်းချုပ်အသင်းကြီး၏ လမ်းအတိုင်း လျှောက်သွားရမည်လော သို့မဟုတ် ကမ္ဘာ့လူထု၏ ပြက်ရယ်ပြုခြင်းခံရသော စကားလုံးပေါင်းချုပ်အသင်းကြီးပဲ ဖြစ်သွားမည်လော ဆိုသည်ကို တွေးမိလိုက်သည်၌ အထူးပင် စိုးရိမ်စိတ်ပူမိသွားပါတော့သည်။
သပြေညို