ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနရဲ့ သတင်းထောက်ဟောင်း အမျိုးသမီးတယောက်ကို စစ်ကောင်စီလက်အောက်ခံတရားရုံးက ဒီနေ့ ထောင်ဒဏ် ၂ နှစ် ချလိုက်ပါတယ်။
ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်ကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးပြီး ၆ လကျော်အကြာ လားရှိုးထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်ချလိုက်တာပါ။
အသက် ၂၁ နှစ်အရွယ် လွေးအမ်ဖောင်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်က လားရှိုးမြို့ရှိ သူနေထိုင်ရာအိမ်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၃၀ လောက်က ဝင်ရောက်ဖမ်းဆီးသွားတာပါ။
အဲဒီနောက် ဒီမနက်မှာတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်လို့ သူလုပ်ကိုင်ခဲ့တဲ့ ရွှေဖီမြေသတင်းဌာနက ဆိုပါတယ်။
ဒါ့အပြင် နောက်ထပ် တအာင်းလူငယ်တယောက်ဖြစ်တဲ့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ရဲ့ ဝန်ထမ်း မိုင်းအောင်သင်ဦးကိုလည်း ဖမ်းဆီးပြီး ၆ လကျော်အကြာမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နဲ့ ထောင် ၇ နှစ်ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။