ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပဒါးညေးကျေးရွာမှာ ဧပြီ ၆ ရက် မနေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ရွာသား ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
မနေ့ညနေ ၃ နာရီလောက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ပဒါးညေးကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အခုလို ရွာသားတွေ ထိခိုက်သေဆုံးခဲ့တာပါ။
ထိခိုက်ဒဏ်ရာရသူတွေကို ရွှေလွိုင်ကော် ပရဟိတအဖွဲ့က သွားရောက်ကူညီပြီး ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တာလို့ အသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
“သူတို့ဖြစ်ပြီး အကြောင်းကြားလာတော့ ကျနော်တို့ သွားခေါ်ပေးတာပေါ့နော်။ သွားခေါ်တဲ့အချိန်မှာ ဟိုရောက်တော့ နှစ်ယောက်ကတော့ ဆုံးနေပြီဗျာ။ သူတို့ မိသားစုဝင်တွေဗျာ။ သူတို့ အိမ်ရှေ့တည့်တည့်ကို ကျတာ။ ထိုင်နေတဲ့ အရှေ့တည့်တည့်ကို ကျတာ။”
သေဆုံးသူတွေကတော့ အသက် ၄၆ နှစ်နဲ့ ၃၆ နှစ်အရွယ် အမျိုးသမီးတွေဖြစ်ပြီး အသက် ၇၀ အရွယ် အမျိုးသမီးတယောက်၊ အသက် ၅၂ နှစ်အရွယ် အမျိုးသားတယောက်၊ အသက် ၂၉ နဲ့ ၃၆ နှစ်အရွယ် အမျိုးသမီး ၂ ယောက်တို့ အသီးသီး ဒဏ်ရာရလို့ လွိုင်ကော်ပြည်သူ့ဆေးရုံကို ပို့ထားရပါတယ်။
ဒဏ်ရာရသူတွေထဲက အသက် ၅၂ နှစ်အရွယ် ဦးဝင်းနိုင်ကတော့ ဘယ်ဘက်ပေါင်ရင်း ပွင့်ထွက် သွေးထွက်လွန်နေတဲ့အတွက် ဒဏ်ရာပြင်းထန်တယ်လို့ ပရဟိတအဖွဲ့ထံက သိရပါတယ်။
ပဒါးညေးကျေးရွာဟာ ပအို့လူမျိုး အများစုနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ပဒါးညေးကျေးရွာနဲ့ ကပ်နေတဲ့ နွားလဝိုးကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ရွာသားတယောက် ထိခိုက်ခဲ့ပါတယ်။
လွိုင်ကော်မြို့နယ်နေ ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ လက်နက်ကြီးသံတွေ ကြားနေရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူတချို့ နေရပ်ပြန်လည်နေထိုင်ကြပေမဲ့ အများစုကတော့ စစ်ရှောင်နေရဆဲ ဖြစ်ပါတယ်။