ကျပ်သိန်းထောင်ချီ ကုန်ကျခံတည်ဆောက်ထားတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ် အငူမှော်လမ်းရှိ သံတံတား ၁ စင်း၊ သိမ်တောင်ပြင်ကျေးရွာအုပ်စုနဲ့ ပြိုင်းတောင်ကျေးရွာအုပ်စု ၂ ခုဆက် ကွန်ကရစ်တံတား ၁ စင်းတို့မှာ အသုံးပြုမရဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အသုံးပြုမရဖြစ်နေတဲ့ တံတား ၂ စင်းကတော့ ဘူးသီးတောင်-အငူမှော်လမ်းရှိ သိမ်တောင်ပြင်ကျေးရွာအနီးရှိ လမ်းတံတားဦးစီးဌာနက ပြုလုပ်ထားတဲ့ သံတံတားနဲ့ ကျေးလက်ဦးစီးဌာနကပြုလုပ်တဲ့ သိမ်တောင့်ပြင်ကျေးရွာနဲ့ ပြိုင်းတောင်ကျေးရွာကြားမှ ကျေးရွာအုပ်စုချင်းဆက် တံတားတို့ ဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးထွန်းအောင်သိန်းက ပြောပါတယ်။
“ဘဏ္ဍာငွေတွေ မြောက်မြားစွာသုံးထားတဲ့ တံတားတွေက ကားတောင်မပြောနဲ့ ဆိုင်ကယ်တောင်သွားလို့မရဘူး။ ချဉ်းကပ်လမ်းတွေမရှိကြဘူး။ ဒါကြောင့် အခု စစ်ကောင်စီလက်ထက်မှာ ထိရောက်စွာပြုပြင်ပေးစေချင်တယ်။”
သိမ်တောင်ပြင်ကျေးရွာမှ ဒေသခံတဦးကလည်း “ဘူးသီးတောင်အငူမှော်လမ်းမှာရှိတဲ့ သိမ်တောင်ပြင် ကျေးရွာအနီးက သံတံတားက သံပြားတွေကွာသွားတာ။ သိမ်တောင်ပြင်ကျေးရွာအုပ်စုနဲ့ ပြိုင်းတောင်ကျေးရွာအုပ်စုကြားက ကျေးရွာချင်းဆက် ကွန်ကရစ်တံတားက ချဉ်းကပ်လမ်းမရှိလို့ အသုံးပြုလို့မရနိုင်ဖြစ်နေတာပါ” လို့ ပြောပါတယ်။
ဘူးသီးတောင်အငူမှော်လမ်းက ပေ ၈၀ လောက်ရှိ ကွန်ကရစ်တံတားကို သိန်း ၁၇၀၀ နဲ့ ပေ ၂၀ ကျော်အရှည်ရှိ သံတံတားကို သိန်း ၂၀၀၀ လောက် ကုန်ကျခံတည်ဆောက်ထားတာလို့ သိရပါတယ်။
လက်ရှိမှာတော့ အဆိုပါတံတား ၂ စင်းရဲ့ ချဉ်းကပ်လမ်းတွေကို လမ်းတံတားနဲ့ ကျေးလက်ဦးစီးဌာနက ပြုပြင်နေတယ်လို့ သိရပါတယ်။