မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်မှာ ဧပြီ ၆ ရက်နေ့ မနက်ပိုင်းက ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၀ လောက် သေဆုံးခဲ့တယ်လို့ PRA(မကွေး)ကနေ သိရပါတယ်။
ငဖဲမြို့ အနောက်ဘက် ၁၆ မိုင်လောက် အကွာမှာရှိတဲ့ ရေယာဥ်တောင်ကြောကို ဧပြီ ၆ ရက်မနက် ၉ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၆၀၀ လောက် စစ်ကြောင်းထိုးလာလို့ PRA (မကွေး) နဲ့ အရှိုချင်းကာကွယ်ရေးတပ် ACDF တို့ ပူးပေါင်းပြီး လက်ဦးမှုရယူ တိုက်ခိုက်ခဲ့တယ်လို့ PRA(မကွေး) ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က အယောက် ၂၀ လောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားပြီး အလောင်းတွေကို အလျင်အမြန်ကောက်ယူပြီး ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က နေ့ခင်းပိုင်းမှာ အင်အားအလုံးအရင်းနဲ့ ပြန်ရောက်လာပြီး နောက်တကြိမ် တိုက်ပွဲ အပြင်းထန်ဖြစ်ပွားကာ PRA တပ်ဘက်က ရဲဘော် ၂ ယောက် ဒဏ်ရာအနည်းငယ်ရရှိကာ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ပြောပါတယ်။
ငဖဲမြို့နယ် ဒေသခံတယောက်က “မနက်က တောထဲကို အိမ်သုံးဖို့ ဝါးသွားခုတ်တဲ့အချိန် ရေယာဥ်တောင်ကြောဘက်က သေနတ်သံတွေ လက်နက်ကြီးသံတွေ ဆက်တိုက် ကြားရတယ်ဗျ။ ကျနော်လည်း ကြောက်တာနဲ့ ဝါးဆက်မခုတ်တော့ဘဲ ပုန်းကွယ်ပြီးတော့ အိမ်ကို အမြန်ပြန်ပြေးခဲ့ရတယ်” လို့ ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတဲ့ အချိန်မှာ စစ်ကောင်စီဘက်က ဂျက်တိုက် လေယာဥ် တစီး ဝဲပျံတာတွေ့ရတယ်လို့ PRA(မကွေး)ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
နှစ်ဘက်တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။