ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်က တတန်ကူးနဲ့ ကော့နွဲ့ကြားမှာ ဧပြီ ၆ ရက်နေ့က လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်တဲ့အတွက် ကားကြီးတစီး လမ်းဘေးထိုးကျသွားပြီး ယာဉ်မောင်းနဲ့ ကားပေါ်ပါလာတဲ့ ကျွဲနွားတချို့ သေဆုံးခဲ့တယ်လို့ ကုန်တင်ကားသမား တယောက်ဆီက သိရပါတယ်။
ကားက ကျွဲနွားတွေ တင်လာတဲ့ ၆ ဘီးကားဖြစ်ပြီး ကော့ကရိတ်-မြဝတီ အာရှလမ်း ကော့နွဲ့တံတားအလွန် ကျောက်ခွဲစက်ရှေ့မှာ ပစ်ခတ်ခံရတဲ့အတွက် ရေမြောင်းထဲ ထိုးကျသွားပြီး ယာဉ်မောင်းနဲ့ ကျွဲနွားတချို့ သေဆုံးခဲ့ကာ ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။
ယာဉ်နောက်လိုက်ကတော့ ကားနဲ့ ညပ်နေတဲ့အတွက် ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ကိုကျော်နောင် ကရိန်းအဖွဲ့တို့က သွားရောက်ကယ်ထုတ်ခဲ့ပြီး ဆေးရုံပို့ဆောင်ထားပါတယ်။
ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး၊ ဆိတ်ဖူးတောင်အနီးမှာ ဧပြီ ၄ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့ပြီး ခရီးသည်တင်မှန်လုံယာဉ်တွေအပါအဝင် ကား ၄ စီး မီးရှို့ခံခဲ့ရပါတယ်။
ကော့ကရိတ်-မြဝတီ အာရှလမ်းကို ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကစတင်ကာ ကရင်အမျိုးသားအစည်းအရုံး (KNU) က တရားဝင်ပိတ်ထားခဲ့ပြီး ပြည်သူတွေ ဒီလမ်းကို အသုံးမပြုဖို့ မေတ္တာရပ်ခံထားတာပါ။
ဒါပေမယ့် စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းဌာနတွေက ပုံမှန်သွားလာလို့ရပြီဆိုတဲ့ သတင်းမှားကြောင့် အခုလို မီးရှို့ခံရတာလို့ ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။