ဖိလစ်ပိုင်နိုင်ငံဟာ သူ့မှာ ပိုလျှံနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံနဲ့ ပါပူဝါနယူးဂီနီနိုင်ငံတွေကို လှူဒါန်းသွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာန (DOH) က ဧပြီလ ၅ ရက်မှာ ပြောပါတယ်။
ကာကွယ်ဆေးတွေ ပိုလျှံနေတာကြောင့် အခုရထားတဲ့ တခြားကာကွယ်ဆေးတွေကို လှူသွားမှာဖြစ်ကြောင်း၊ လောလောဆယ် မြန်မာနဲ့ ပါပူဝါနယူးဂီနီ နှစ်နိုင်ငံအတွက် အစီအစဥ်တွေ အပြီးသတ်နိုင်အောင် ဆွေးနွေးနေကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာန လက်ထောက် အတွင်းဝန် မာရီယာရိုဆာရီယိုဗာဂယ်ရီက ပြောပါတယ်။
ဖိလစ်ပိုင်အစိုးရဟာ ကာကွယ်ဆေးစာရင်းတွေကို အပြီးသတ်လုပ်ဆောင်နေဆဲဖြစ်ပြီး နှစ်နိုင်ငံကို ဘာကာကွယ်ဆေးတွေ လှူဒါန်းမယ်ဆိုတာနဲ့ ကာကွယ်ဆေးနံပါတ်နဲ့ အမှတ်တံဆိပ်ကို မပေးနိုင်သေးဘူးလို့လည်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ သေချာတာကတော့ အဲဒီနိုင်ငံတွေနဲ့ ညှိနှိုင်းမှုတွေနဲ့ အစီအစဉ်တွေ စတင်နေပြီဖြစ်တာကြောင့် လှူဒါန်းမှုကို တွန်းအားပေး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။
ဒါ့အပြင် တခြားနိုင်ငံတွေကို ကာကွယ်ဆေးတွေ လှူဒါန်းတာဟာ သူတို့နိုင်ငံရဲ့ကပ်ရောဂါကို တုံ့ပြန်ရာမှာ ကူညီဖို့ နည်းလမ်းတစ်ခုဖြစ်ကြောင်းနဲ့ ဒီကာကွယ်ဆေးတွေကို ဖြန့်ဝေရာမှာ ညီမျှမှု မူအရ WHO နဲ့ တစ်သားတည်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလက Unicef၊ COVAX Facility နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ဟာ အရှေ့တောင်အာရှဒေသရှိ တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ ကာကွယ်ဆေးလွှမ်းခြုံမှု နည်းပါးတာနဲ့ ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကို ကပ်ရောဂါ တုံ့ပြန်မှုမှာ ကူညီဖို့အတွက် အဓိကသက်ဆိုင်သူတွေနဲ့ ဆက်လက်ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
လူဦးရေ ၅၅ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ မတ်လ ၂၉ ရက်နေ့အထိ လူပေါင်း ၂၆ သန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးပါပြီ။ မြန်မာနိုင်ငံမှာ ဧပြီလ ၄ ရက် အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၁၁,၈၇၅ ဦးရှိပြီး သေဆုံးသူ ၁၉,၄၄၃ ဦး ရှိသွားပါပြီ။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါ တုံ့ပြန်မှုဟာ တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အနှောင့်အယှက် ဖြစ်နေရတယ်လို့ သတင်းမှာ ဆိုထားပါတယ်။ကျန်းမာရေးဝန်ထမ်း အများအပြားဟာ စစ်အာဏာရှင်ကို အံတုကာ ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။
ကာကွယ်ဆေးတွေ လှူဒါန်းဖို့ အစီအစဉ်ဟာ သက်တမ်းကုန်ဆုံးတော့မယ့် ကာကွယ်ဆေးများဆိုင်ရာ ပြဿနာကို ဖြေရှင်းတဲ့ အစိုးရရဲ့မဟာဗျူဟာတွေထဲက တစ်ခုဖြစ်တယ် လို့လည်း ဝေဖန်သူတွေကဆိုပါတယ်။
သက်တမ်းကုန်လုခါနီး ကာကွယ်ဆေးတွေကိုပေးပို့ခြင်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံများစွာမှာ မကြာခဏ ကြုံနေကျ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။
ကာကွယ်ဆေးက အချိန်ကြာလာတာနဲ့အမျှ ထိရောက်မှု နည်းလာတာကြောင့် ပျံ့နှံ့နေတဲ့မျိုးကွဲတွေနဲ့ အနာဂတ်မျိုးကွဲ ဖြစ်နိုင်ချေတွေကို ကာကွယ်နေနိုင်ဖို့က ဆေးတွေကို အဆင့်မြှင့်တင်နေရမယ်လို့ ဖိလစ်ပိုင် ကျန်းမာရေးဌာန (DOH) က ပြောပါတယ်။