စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်က လူငယ် ၄ ဦးကို ဧပြီ ၅ ရက်မှာ မြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ မေ ၂၈ ရက် မနက်ပိုင်းက ပလက်ဝမြို့ပေါ်က နေရာ ၂ ခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။
သူတို့ ၄ ဦးကို မြို့ပေါ် ရဲစခန်းအချုပ်ထဲမှာ ၁၀ လကျော်ထားရှိပြီး မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ခိုင်လုံတဲ့သက်သေ အထောက်အထား မရှိပေမဲ့ ပုဒ်မ ၁၇-၁ ၊၅၀၅-က စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်ခဲ့တာလို့ မိသားစုဝင်တွေက ဆိုပါတယ်။
ဖမ်းခံရတဲ့သူတွေဟာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်တဲ့သူတွေ မဟုတ်ဘဲ မင်းတပ် စစ်ဘေးရှောင်တွေအတွက် အလှူငွေကောက်ခံကူညီတာတွေ ရှိတယ်လို့သာ ဒေသခံတွေက ပြောပါတယ်။