ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မုံးပေါ်ဒေသရှိ စီစီဝမ်တာပန် တောင်ခြေနဲ့ ဟိုဝါးတောင်မှာ စစ်ကောင်စီတပ်နဲ့ MNDAA၊ KIA တပ်တွေအကြား ဧပြီလ ၃ ရက်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"တနေကုန် တိုက်ပွဲ ဖြစ်တယ်။ မနက်ပိုင်းတော့ ဟိုဝါးတောင်ဘက်မှာ ကေအိုင်အေနဲ့ ဖြစ်တာ။ ၂ နာရီလောက်ကြာတယ်။ ညနေပိုင်းတော့ ဟူဂန့်ရွာအပေါ်ဘက်နဲ့ ပြိန်းခွယ်နားဘက်။ အဲဒီ ဘက်လည်း ၂ နာရီလောက်တော့ ပြင်းပြင်း ထန်ထန် ဖြစ်တယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။
မိုင်ဖန်ရွာရှိ စစ်ကောင်စီ အမြောက်တပ်ကနေ လက်နက်ကြီး တနေကုန် မနက်ပိုင်းရော၊ ညနေပိုင်းပါ မိုးချုပ်ချိန်အထိ ပစ်ကူနေတာ အကြိမ် ၃၀ လောက်ရှိတယ်လို့လည်း ပြောပါတယ်။
ဟိုဝါးတောင်၊ ဆုတောင်းတောင်ဘက်မှလည်း မနေ့မနက်ပိုင်း ၈ နာရီ ကျော်လောက်က တကြိမ် နေ့ခင်းမွန်းလွဲ ၂ နာရီလောက်ကတကြိမ် စစ်ကောင်စီနဲ့ ကေကိုင်အေတို့အကြား တိုက်ပွဲ ပြင်းထန် ပြန်ဖြစ်ခဲ့တယ်လို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
ဧပြီလ ၃ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်ကစလို့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) တပ်မဟာ ၅၁၁ နဲ့ စစ်ကောင်စီ တပ်မ ၉၉ တပ်ရင်း ၄၂၀ တို့အကြား ဟူဂန့်ကျေးရွာနဲ့ စီစီဝမ်တာပန်တောင်ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကိုးကန့်ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။
မတ်လ ၃၀ ရက်ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် အဲဒီ ဒေသရှိ မန်ကျမ်ရွာအနီးက မုန်းနွယ်ခူးမှာ မိနစ် ၃၀ ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုလည်း မသိရသေးပါဘူး။
တိုက်ပွဲက ဟူဂန့်ရွာအပေါ်နားမှာ ဖြစ်နေတာကြောင့် ဟူဂန့်ရှမ်းရွာက ရွာခံပြည်သူတွေ တဖက်ကမ်းကို တိမ်းရှောင်လာနေတာရှိပြီး ကပ်ရောဂါကြောင့် စီးပွားရေး ကျပ်တည်းနေချိန် တိုက်ပွဲဆက်တိုက် ပြင်းထန်လာမှာကို စိုးရိမ်နေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တပ်မဟာ ၆၊ တပ်ရင် ၃၆ တို့အကြားမတ်လ ၂၈ ရက်က မန်နောင်ကောင်ရွာဘက် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်တချို့ လက်နက်ကျည် ထိမှန် ပျက်စီးခဲ့ကာ မတ်လ ၁၉ ရက်မှာလည်း ဆမာရွာနားမှာ တိုက်ပွဲဖြစ်လို့ ရွာခံတွေ ယာယီ ရှောင်တိမ်းခဲ့ကြရပါတယ်။
အဲဒီဒေသမှာ စစ်ကောင်စီ၊ ပြည်သူ့စစ်၊ KIA၊ MNDAA နဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ တွေ လှုပ်ရှားသွားလာတဲ့ နေရာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစ လက်ရှိအထိ မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ KIA ၊ MNDAA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေတာပါ။