မွန်ပြည်နယ် ရေးမြို့နယ်ဘက်ကိုလာတဲ့ ကား ၅ စီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ရေး - မော်လမြိုင် ကားလမ်းမပေါ်မှာ ဧပြီ ၃ ရက်နေ့မနက် ၁၀ နာရီလောက် KNU တပ်မဟာ ၆၊ တပ်ရင်း ၁၆ ဌာနချုပ်တပ်ခွဲက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရေးမြို့နယ် နှင်းစုံကျေးရွာ အနီးရှိ လမ်းခုလတ်တနေရာမှာ စစ်ကောင်စီတပ်နဲ့ KNU တပ်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၂ ဦးကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ည ၇ နာရီလောက်က စတင်ပြီး ရေးမြို့နယ်ရှိ ကွမ်ဒူးကျေးရွာ ကွမ်းသီးတောနားတဝိုက်နဲ့ နှင်းစုံကျေးရွာစံပြကျေးရွာတွေတဝိုက်မှာ စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်နဲ့ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က အခုလိုစစ်အင်အားတိုးချဲ့လာတဲ့အပေါ် နှစ်ဖက် တိုက်ပွဲတွေ ထပ်မံဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီတပ်ဟာ ရေးမြို့နယ် နှင်းစုံကျေးရွာနဲ့ စံပြကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်ဆိုပြီး ခြိမ်းခြောက်တာတွေအပြင် သံသယရှိတဲ့ လူငယ်တွေကိုလည်း ဖမ်းဆီးနေတာကြောင့် ညအချိန်တွေမှာ ရွာသားအတော်များများ နေအိမ်တွေမှာ မနေရဲကြဘဲ ပုန်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂ ရက်ကလည်း စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်နဲ့ စံပြကျေးရွာလယ်ဈေးမှာ ဈေးဝယ်ထွက်စဉ် ပစ်သတ်ခံရတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး ကျည်ထိမှန် ဒဏ်ရာနဲ့ လွတ်မြောက်သွားခဲ့ပါတယ်။