မကွေးတိုင်း ဂန့်ဂေါမြို့နဲ့ ထီလင်းမြို့ကြား ဂန့်ဂေါ-ထီးလင်းလမ်းပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တာကြောင့် ဒေသခံတွေ ဂန့်ဂေါ-ထီးလင်းလမ်းကြောင်းကို အသုံးမပြုကြဖို့ YDF တပ်ဖွဲ့ဝင်က ဧပြီ ၃ ရက် မနက်မှာ ထုတ်ပြန်ထားပါတယ်။
ခရီးသွားလာတာကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အကြောင်းအရာတွေကို YDF တပ်ဖွဲ့က တာဝန်ယူဖြေရှင်းမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
စစ်ကြောင်းထိုးလာတဲံ စစ်ကောင်စီတပ်ဟာ အိုင်းမရွာသား ၆ ဦးကို ဒီနေ့မနက် ဖမ်းဆီးသွားပြီး ဆေးမင်းတောကျေးရွာဘက် ဦးတည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁ ရက်နေ့ကလည်း ထန်းပင်ကုန်းရွာနဲ့ ဝက်သက်ကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ယောဒသကာကွယ်ရေး (YDF) တပ်တို့ ထိတွေ့မှု ဖြစ်ပွားခဲ့သေးပါတယ်။
စစ်ကောင်စီတပ်ဟာ ထီးလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။