မန္တလေးမြို့၊ ရန်ကုန် - မန္တလေးလမ်း၊ ၇၈ လမ်းရှိ စစ်တပ်ပိုင် မြဝတီဘဏ်ခွဲကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို မန္တလေးမြို့ပြပြောက်ကျားမဟာမိတ်တပ်ပေါင်းစုအဖွဲ့က ဧပြီ ၂ ရက် ဒီနေ့ ည ၇ နာရီ လောက်က သေနတ်နဲ့ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သားတယောက် သေဆုံးသွားပါတယ်။
မန္တလေးမြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် ဗိုလ်ဖီးနစ်က " ကျနော်တို့နောက်မှာ Double Cab ၂ စီးရှိတဲ့ ကြားက ရအောင်တိုက်ခိုက်ခဲ့တာပါ ။ သေနတ်နဲ့ ၈ ချက်ပစ်ခတ်ခဲ့ပြီး လဲကျသွားတဲ့ စစ်ကောင်စီ တပ်သားဆီက သေနတ်ကောက်ဖို့ ကြိုးစားခဲ့ပေမဲ့ အချိန်မရလို့ အမြန်ဆုတ်ခဲ့ရတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။
အခုလို မြဝတီဘဏ်ခွဲ လုံခြုံရေးတပ်ဖွဲ့ ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးသ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
သေနတ်သံဖြစ်စေ ၊ ပေါက်ကွဲသံဖြစ်စေ အသံတခုခုကြားပါက ပြည်သူတွေအနေနဲ့ စူးစမ်းလိုစိတ် မရှိကြပဲ လမ်းကြောင်းတွေရှင်းပေးကြဖို့ ပြောက်ကျားတပ်ဖွဲ့က တောင်းဆိုထားပါတယ်။