ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ ရေလဲတိုက်နယ်မှာ မတ်လ ၃၀ ရက်နေ့က စစ်ကောင်စီသတင်းပေးတယောက် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် ဒေသခံပြည်သူ ၅ ယောက် ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
ရေလဲတိုက်နယ်မှာ ကိုတိုးမောင်ဆိုသူကို ဇလွန်ပြည့်သူကာကွယ်ရေးတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး နေ့ခင်းပိုင်းမှာတင် လမ်းသွားလမ်းလာ ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“အဲ့ဖြစ်တဲ့နေ့ခင်းပိုင်းပဲ ဖမ်းသွားတာ။ လူငယ် ၂ ယောက်ပါသွားတာ ထင်တာတော့ အဖမ်းပြတာထင်တယ်။ အဖမ်းခံရတဲ့ လူငယ်တွေတော့ ကံဆိုးတာပေါ့ နောက်တနေ့ကျတော့ ၃ ယောက်ထပ်အဖမ်းခံရတယ် ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို ဘယ်မှာ ထိန်းသိမ်းထားတယ် ဘာအမှုနဲ့ အရေးယူမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဇလွန်မြို့နယ်ထဲက စစ်ကောင်စီသတင်းပေးကို ရှင်းလင်းတာဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ဇလွန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး နှိပ်စက်နေတာလို့ ဆိုပါတယ်။
ဇလွန်မြို့နယ်မှာ မတ်လ ၂၈ ရက်နေ့က စိုက်ပျိုးရေးဘဏ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့သလို မတ်လ ၂၉ ရက်မှာ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို ဇလွန်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။