ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က အရာရှိနဲ့အဖွဲ့က မတ်လ ၂၆ ရက်နေ့က လောင်းကစား ဝိုင်း ဝင်ဖမ်းကာ ငွေ ၄ သိန်းတောင်းယူသွားတယ်လို့ သိရပါတယ်။
ထောက်ရှားရိုးရွာမှာ အပိုင်နယ်ထိန်းကို လိုင်းကြေးပေးပြီးပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို စစ်ကောင်စီ တပ်သားတွေနဲ့ ရဲစခန်းမှူးက ဝင်ရောက်ဖမ်းဆီးပြီး ဝိုင်းထဲက ပိုက်ဆံတွေကို သိမ်းတဲ့အပြင် ငွေ ၄ သိန်းပါ တောင်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဝင်ဖမ်းတော့ ရွာကအပိုင်နယ်ထိန်းမပါဘူး၊ စခန်းမှူးနဲ့ စစ်တပ်ကကောင်တွေလာတာ။ အင်အား မနည်း များတယ်၊ သေနတ်တွေလည်း ပါတယ်။ ဖမ်းပြီးတော့ ဝိုင်းထဲက ပိုက်ဆံတွေပါအကုန်ယူတာ၊ လူမဖမ်းသွားတာတောင်ကျေးဇူးတင်ရမယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ဓနုဖြူမြို့မှာ ရဲနဲ့စစ်တပ်က လောင်းကစာဝိုင်းတွေနဲ့ပတ်သက်ပြီး ခွဲတမ်းယူတာမှာ အဆင်မပြေတာတွေ ရှိတာကြောင့် စစ်ကောင်စီတပ် အရာရှိက ရဲစခန်းမှူးကိုခေါ်ပြီး ခုလိုဝင်ဖမ်းတာလို့ ဆိုပါတယ်။
လောင်းကစားဝိုင်းထဲက ငွေတွေကို သူနဲ့အတူပါလာတဲ့သူတွေအား ပေးပြီး KTV သွားဖို့ဆိုကာ ဒိုင်လုပ်တဲ့သူဆီက ငွေ ၄ သိန်းထပ်မံတောင်းယူသွားတာလို့ သိရပါတယ်။