မန္တလေးတိုင်းအတွင်းက မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတခု မတ် ၃၀ ရက်နေ့ မနက် ၆ နာရီလောက်က စီးနင်းခံရတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့၊ မြို့သာမြို့အနီး၊ သရက်ကန်ရွာ အရှေ့ဘက်တောင်ကြောက မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MN PDF) စခန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သာလွန်အင်အားသုံး ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။
စီးနင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ကျဆုံးသူတွေရှိပြီး စာရင်း အသေးစိတ်ကိုတော့ မသိရသေးဘဲ ၃၀ ကျော် ဖမ်းဆီးခံရတယ်လို့ MN PDF တာဝန်ရှိသူက ပြောပါတယ်။
“ခု ဖမ်းထားပြီးတော့ ရွာသွားတဲ့လမ်းဘေးက တောင်ခြေကဇရပ်မှာ လက်ပြန်ကြိုးတွေ တုပ်ထားတယ်။ ခုချိန်အထိ လက်ပြန်ကြိုးတွေ တုပ်ထားပြီးတော့ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်။”
ဒ့ါအပြင် စစ်ကောင်စီတပ်က နယ်မြေတကြောကို ပိတ်ဆို့ရှာဖွေတာတွေလည်း လုပ်နေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရသူ တဦးက လမ်းညွှန်ပြမှုကြောင့် အခုလို စီးနင်းခံရတာဖြစ်ပြီး လက်နက်၊ ဆိုင်ကယ်၊ ရိက္ခာနဲ့ စခန်းရှိ ပစ္စည်းအများအပြားလည်း သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။