ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသက စစ်ဘေးရှောင်တွေအတွက် ကူညီနေတဲ့ အဖွဲ့အစည်းတွေကို ထိုင်းနယ်ခြားစောင့်တပ်က သွားရောက်လှူဒါန်းခွင့်မပြုဘဲ ပိတ်ပင်ထားတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကေအန်အယ်လ်အေ ပူးပေါင်းတပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို စားသောက်ဖွယ်ရာတွေ သွားရောက်လှူဒါန်းရာမှာ ထိုင်းလုံခြုံရေးက မဲကိုကင်းကျေးရွာ အဝင်ကနေ ခွင့်မပြုဘဲ ပိတ်ပင်ထားတာပါ။
မဲဆောက်မြို့၊ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦးက “စစ်ဘေးရှောင်တွေက ၅ ရက်လောက် ထမင်းမစားရဘူး။ အလှူရှင်တွေကလည်း သွားမရတော့ ဒုက္ခတွေရောက်တာပေါ့။ ကျနော်တို့ သွားလှူတော့ ထိုင်းစစ်တပ်က မဲကိုကင်းရွာအဝင်မှာ သွားခွင့်မပြုဘူး။ အလှူရှင်တွေလည်း လှူဒါန်းဖို့အတွက် အခက်အခဲ ဖြစ်တယ်။ စစ်ရှောင်စခန်းတွေမှာ ကလေးတွေက များတယ်။ ဘယ်လောက် ဒုက္ခရောက်လိုက်မလဲ”လို့ ဆိုပါတယ်။
မတ် ၂၆ ရက်က စတင်ပြီး ထိုင်းနယ်ခြားစောင့်တပ်က အကူအညီပေးရေး ပိတ်ပင်ထားတဲ့အတွက် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေဖြစ်တဲ့ ယူအန်အိတ်ချ်စီအာ ၊ အိုင်စီအာစီ စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးရှောင်တွေအရေး ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးစေချင်တယ်လို့ အလှူရှင်တွေက ဆိုပါတယ်။
တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်တွေက နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကေအန်အယ်လ်အေ ပူးပေါင်းတပ်တွေနဲ့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်စခန်းတွေကို ကေအန်အယ်လ်အေ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အခုလိုဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လေးကေ့ကော်ဒေသတွင်း ကျေးရွာ ၁၀ ရွာက ဒေသခံ ပြည်သူ ၅,၀၀၀ ကျော်လောက်ဟာ နေအိမ်စွန့်ခွာပြီး မြန်မာ-ထိုင်းနယ်စပ် သောင်းရင်မြစ်တလျှောက်မှာ ဒီကနေ့အထိ စစ်ဘေးရှောင် ခိုလှုံနေရပါတယ်။