စစ်ကိုင်းတိုင်း မုံရွာမြို့နယ်က လယ်ဇင်၊ သက္ကယ်ကျင်း၊ ပုလ္လင်ကျေးရွာတွေမှာ မတ် ၃၀ ရက် မနက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူတွေ ထိတ်လန့်ပြီး တိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ရဲ့ အရှေ့တောင်ဘက် ပုလ္လင်နဲ့ လယ်ဇင်ရွာက စတင်ပြီး စစ်ကြောင်းခွဲကာ လက်နက်ငယ်၊ လက်နက်ကြီး အပြည့်အစုံနဲ့ ဝင်ရောက်လာတယ်လို့ လယ်ဇင်ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
“သူတို့က PDF တွေ ခိုအောင်းနေတယ်အထင်နဲ့ လာပြီး စစ်ကြောင်းထိုးတာ။ တကယ်တော့ ဘာမှမရှိတော့ပါဘူး။ အခု သူတို့ဝင်လာတော့ ကျေးရွာပြည်သူတွေက ကြောက်လန့်ပြီး ပြေးကြရတာ။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ နောက်ဆုံး လေဖြတ်နေတဲ့ လူနာကိုတောင် ထိန်းပြေးရတာ။ အခုလည်း သောင်းကျန်းနေတယ်။ နောက်ပြီး ပေါက်ကရစွပ်စွဲပြီး သူတို့မထင်ရင် မဆိုင်သူတွေ ဖမ်းဦးမှာ၊ သတ်ဦးမှာ သေချာတယ်။”
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပုလ္လင်ကျေးရွာအတွင်း ခြေကျင်စစ်ကြောင်းထိုးလာသလို လယ်ဇင်ကျေးရွာဘက်ကိုလည်း စစ်ယာဉ်တန်းကားတွေ ဝင်ရောက်လာတာလို့ ဆိုပါတယ်။
မုံရွာမြို့နယ်က လယ်ဇင်၊ သက္ကယ်ကျင်း၊ ပုလ္လင်ကျေးရွာတွေမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF စခန်းတခုကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ကျေးရွာက သာမန်အရပ်သား လူငယ်တွေကို ဖမ်းဆီးသွားခဲ့ဖူးပါတယ်။
အဆိုပါကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက် စစ်ကြောင်းထိုး တိုက်ခိုက်တာဟာ ဒါနဲ့ဆို ၅ ကြိမ်အထက် ရှိပြီလို့ သိရပါတယ်။