ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့စည်ပင်သာယာရုံးဝင်းအတွင်း မတ် ၂၉ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဒီနေ့ညနေက စည်ပင်ရုံးဗုံးပေါက်ကွဲခဲ့တယ်။ စည်ပင်ဌာနက လူထုတွေအပေါ် မတရားအခွန်ကောက်နေတာတွေရှိတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် မသင်္ကာတဲ့ လမ်းသွားလမ်းလာလူငယ်တချို့ကို စစ်ကောင်စီတပ်က မတရားဖမ်းဆီး ရိုက်နှက်တာတွေရှိနေတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
“ဒီနေ့ ဗုံးပေါက်ပြီးနောက်ပိုင်း လမ်းသွားလမ်းလာ လူငယ် နှစ်ယောက်ကို ဖမ်းပြီး အင်ပါယာဖုန်းဆိုင်နားမှာ ရိုက်နှက်ထားတာ မြင်လို့တောင် မကောင်းဘူး။ အစစ်အဆေးတွေလည်း လုပ်နေတယ်။”
ကျောက်မဲမြို့စည်ပင်သာယာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရပါတယ်။
ကျောက်မဲမြို့စည်ပင်သာယာဌာနဟာ ပြည်သူလူထုတွေအပေါ် အခွန်အခတွေ အဆမတန်ကောက်ခံနေလို့ ပထမအကြိမ် ဗုံးခွဲသတိပေးတာလို့ ပြည်သူ့ကာကွယ်ရေးတပ်(ကျောက်မဲ)က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောက်မဲမြို့က ပြည်သူတွေကို စစ်ကောင်စီက အင်အားသုံးဖြိုခွင်းတာ မတရားဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိ ဖမ်းဆီးခံထားရသူ ၁၅ ယောက်ကျော်ရှိနေပြီး စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးသူ ၁ ယောက်ရှိခဲ့ပါတယ်။
ဓါတ်ပုံ- စီဂျေ