စစ်ကိုင်းတိုင်း အရာတော်မြို့နယ်နဲ့ ဖောင်းပြင်မြို့နယ်တို့မှာ မတ် ၂၉ ရက်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၄ လုံး၊ ဆန်စက်နဲ့ စပါးဂိုဒေါင်တို့ ဆုံးရှုံးခဲ့ပြီး လေဖြတ်နေတဲ့ အဘိုးအို ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာမှာ တပ်စွဲထားပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က မတ် ၂၉ ရက်နေ့ မနက် ၉ နာရီလောက် ပါရမီကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
“ဒီကောင်တွေ စစ်ကြောင်းထိုးရင်း တွေ့တဲ့ အပြစ်မဲ့ဒေသခံတွေကိုလည်း ကြိုးနဲ့တုပ် ဖမ်းဆီးခေါ်ဆောင်တာတွေလည်း လုပ်တယ်။ အဓိကတော့ PDF က သူတို့ကို ဝင်တိုက်မှာကြောက်လို့ လူသားဒိုင်းလုပ်တဲ့ သဘောပဲဗျ။ အခုလည်း ကျနော်တို့ရွာကို မီးရှို့ခဲ့တယ်။ အိမ် ၃ လုံး သူတို့ရှို့လို့ မီးလောင်သွားတယ်ဗျ။ ရှို့တာက တရွာလုံးကို ရှို့တဲသဘောပဲဗျ။ ရွာထဲက အိမ်တွေကို ကွက်ကြားရှို့သွားတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ် မီးရှို့တာကြောင့် မပြေးနိုင်တဲ့ အသက် ၆၇ နှစ်အရွယ် အဘိုးအိုတဦး မီးထဲပါ အသက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အရာတော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းကလည်း စစ်ကောင်စီတပ်တွေဟာ ဘော်ကုန်းကျေးရွာက အသက်မပြည့်သေးတဲ့ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးကို ပစ်သတ်ခဲ့ပြီး PDF တွေက လုပ်တယ်ဆိုပြီး စစ်တပ်ဝါဒဖြန့်မီဒီယာက သတင်းထုတ်ပြန် ကြေညာခဲ့တယ်လို့ ဆိုပါတယ်။
ဖောင်းပြင်မြို့နယ် ဟာပါရွာကိုလည်း မတ် ၂၉ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့တာကြောင့် လူနေအိမ်၊ ဆန်စက်နဲ့ စပါးဂိုထောင်တို့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်တွေ ရောက်လာတယ်။ တိုက်ပွဲလည်း မဖြစ်ဘူး။ ဒလန်သတင်းပေးလို့ ရောက်လာတာ။ ရွာထဲ PDF တွေ ရောက်လာတယ်ဆိုပြီး အခုမီးရှို့ခံရတဲ့ အိမ်တွေက NLD ထောက်ခံတဲ့သူတွေဖြစ်တယ်။ RC နေအိမ် ၁ လုံး၊ ဆန်စက်၊ စပါးဂိုထောင် စုစုပေါင်း ၃ ခုလုံးကို မီးရှို့သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖောင်းပြင်မြို့နယ်မှာ မတ် ၂၈ ရက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဟာ ကျေးရွာတွေကို အခုလို ဥပဒေမဲ့ မီးရှို့တာ၊ အပြစ်မဲ့ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။