Home
ဆောင်းပါး
ဖက်ဆစ်ဘီလူး တိုက်ဖျက်‌ရေး မြန်မာနွေဦးအရေးတော်ပုံ
DVB
·
March 29, 2022
Article1

အခုချိန်မှာ မြန်မာနိုင်ငံမှာ ယုတ်မာရမ်းကားတဲ့ စစ်ဘီလူးတအုပ်ရဲ့ အတ္တလောဘအတွက်  အများဆန္ဒနဲ့ ရွေးချယ်တင်မြှောက်လို့ရတဲ့ မဲရလဒ်ကို ဆန့်ကျင်ပြီး အာဏာကို လက်နက်အားကိုး လုယူမှုကြောင့် နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်ဘူး ထင်တဲ့သူတွေရော၊ နိုင်ငံရေးဟာ ကိုယ့်ကိစ္စလို့ အမှန်အတိုင်း သိမြင်သူတွေရော၊ မတရားသဖြင့် အာဏာလုယူသူ၊ ထောက်ခံသူအားလုံး လူတိုင်းရဲ့ ဘဝမလုံခြုံတော့တဲ့ လောင်မီးကျ‌နေတဲ့ စစ်တလင်း ဖြစ်နေခဲ့ရပြီ ဖြစ်တယ်။ 

နိုင်ငံအဝန်းမှာ မငြိမ်သက်မှုတွေ၊ အကြမ်းဖက် သတ်ဖြတ်မှုတွေဟာ စစ်အကြမ်းဖက်ကောင်စီ မိစ္ဆာတပ်ဟာ တွေ့ရာ မြင်ရာဖမ်းဆွဲကိုက်ခဲပြီး အသက်ရှင်ဖို့ ရုန်းကန်နေတဲ့ ဒဏ်ရာပြင်းထန်စွာ ရထားတဲ့ ကျားနာတစ်ကောင်လို ဖြစ်နေတာမို့ အများပြည်သူတွေ အထူးသတိထား ရင်ဆိုင်ချေမှုန်းကြရာမှာ ဖြစ်တယ်။

အထူးသဖြင့် အင်တာနက်ဖြတ် သတင်းအမှောင်ချထားတဲ့ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်က ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တပ်တွေဟာ သေငယ်စောနဲ့ မြောနေတဲ့ ကျားနာခဲ ခဲတာမခံဖို့ အထူးသတိကြီးကြီးထားရမှာ ဖြစ်တယ်။

ဖက်ဆစ်ဂျပန်ကင်ပေတိုင်ထက် ဆိုးဝါးရမ်းကားတဲ့ မြန်မာဖက်ဆစ်စစ်ဘီလူးတွေဟာ အကုန် အဆက်ဖြတ် အကုန်သတ်၊ အကုန်မီးရှို့၊ အကုန်‌မြေလှန်ဖျက်ဆီး စတဲ့ အရက်စက်ဆုံး အကြမ်းတမ်းဆုံးနည်းတွေနဲ့ ယုတ်မာလာကြတာမို့ မြန်မာပြည်သူပြည်သားအားလုံးအတွက် တခြား ရွေးစရာလမ်း မရှိတော့ပါဘူး။ အတိတ်သမိုင်းမှာ တနိုင်ငံလုံးဝိုင်းပြီး ၁၉၄၅ ခုနှစ်မှာ ဖက်ဆစ်ဂျပန်ကို စုပေါင်းတော်လှန်ခဲ့ကြသလို အခုတခါ မြန်မာစစ်ဘီလူးတွေကို ညီညီညွတ်ညွတ် စုပေါင်းတိုက်ဖျက်ချေမှုန်းကြရမှာ ဖြစ်ပါတယ်။

မြန်မာသက္ကရာဇ်နဲ့ဆို တပေါင်းလ၊ ခရစ်သက္ကရာဇ်အရဆိုရင် မတ်လဟာ မြန်မာနိုင်ငံအတွက်တော့ တော်လှန်ရေးသမိုင်းကြောင်းတွေ အမြှောင်းအမြှောင်းထတဲ့လ ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၇ နှစ်ကျော်တုန်းက မတ်လ ၂၇ ရက်နေ့မှာ ဗမာပြည်သူလူထုကြီးရဲ့ အမှန်တရားတွေနဲ့ ရဲစွမ်းသတ္တိတွေ ကုန်းရုန်းထခဲ့ကြတယ်။

ရာသီတွေ အလီလီပြောင်းလို့ နှစ်တွေ ဘယ်လိုပင်ဟောင်းဟောင်း နွေနေပူပူ ကျွက်ကျွက်ဆူတဲ့ ဟောဒီ မိန်ရာသီတပေါင်းလ သို့မဟုတ် မတ်လ၊ လက်ပံပွင့်နီနီတွေ ရဲရဲတောက်ပွင့်တဲ့လရာသီကို ရောက်ပြီဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ခုနစ်ဆယ်ကျော်က လူမဆန်အောင် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဖက်ဆစ်ဂျပန်တွေကို နိုင်ငံတဝန်းလုံးမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာလွတ်လပ်ရေး တပ်မတော်နဲ့ ပြည်သူတွေ ညီညီညာညာ လက်တွဲလို့ တော်လှန်မောင်းထုတ်ခဲ့ကြတဲ့ မြန်မာပြည်သူတွေ ရဲရင့်ပြောင်မြောက်တဲ့ သမိုင်းကြောင်းနဲ့ နေ့ရက်ကိုကို ပြန်ပြောင်းလို့ သတိရကြမြဲ၊ အထိမ်းအမှတ်ပြု ဦးညွှတ်ကြရမြဲပါ။ 

ဒါကြောင့်လည်း ကျဆုံးခဲ့ရတဲ့တိုင်းရင်းသားပြည်သူလူထုနဲ့တကွ တပ်မတော်သားအပေါင်းကို အမှတ်ရ ဦးညွှတ်ဂုဏ်ပြုဖို့အတွက်သာမက ဖိနှိပ်မှုတိုင်းကို ခေါင်းငုံ့မခံတတ်တဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ပြည်သူတွေကြားမှာ ထာ၀စဉ်ရှင်သန်နေစေဖို့ မတ်လ ၂၇ ရက်ကို ဖက်ဆစ်တော်လှန်ရေးနေ့လို့ လွတ်လပ်ရေးရပြီးတဲ့ အစပိုင်းမှာ သတ်မှတ်ဂုဏ်ပြု ကျင်းပခဲ့ကြတာပါ။ 

ဒါပေမဲ့လည်း ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့က ဗိုလ်နေ၀င်းကို တပ်တွင်းဆိုရှယ်လစ် ခေါင်းဆောင်အဖြစ် တင်ပြီး တပ်မတော်ကို လွှမ်းမိုးလာတဲ့ကာလ (၁၉၅၄) ခုနှစ်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ကို “တပ်မတော်နေ့” လို့ အမည်ပြောင်းခဲ့ကြတယ်ဆိုတဲ့ အကြောင်းကို ရဲဘော်သုံးကျိပ်၀င် ဗိုလ်မှုးချုပ်(ဟောင်း)ကျော်ဇောရဲ့ “၂၀၀၃ ခုနှစ်၊ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ အထိမ်းအမှတ် DVB နဲ့ တွေ့ဆုံမေးမြန်းခန်း”ကတဆင့် ကြားနာခဲ့ရဖူးပါတယ်။ 

ဒါဟာ တနိုင်ငံလုံးက ပြည်သူတရပ်လုံးနဲ့ဆိုင်တဲ့ သမိုင်း၀င်နေ့ကို တပ်မတော်အကြီးအကဲ စစ်ဗိုလ်တချို့က မူရင်းပိုင်ရှင်ပြည်သူတွေထံက မောင်ပိုင်စီး လုယူခဲ့တာ ဖြစ်သလို အဓိပ္ပာယ် အစစ်အမှန်ကိုလည်း ပျောက်ပျက်သွားစေပါတယ်။ တနည်းအားဖြင့်ပြောရရင် ဒီလို မိုက်မဲတဲ့ အမည်ပြောင်းမှုဟာ ပြည်သူနဲ့ တပ်မတော်ကို သွေးခွဲလိုက်သလိုဖြစ်ပြီး စတင်ဝေးကွာလာစေခဲ့ပါတယ်။

တကယ်တော့ တပ်မတော်ကို ဂုဏ်ပြုဖို့ “တပ်မတော်နေ့”ရယ်လို့ သတ်မှတ်ရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တို့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖွဲ့စည်းခဲ့တဲ့နေ့ဖြစ်တဲ့ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့ပဲ ဖြစ်သင့်တယ်လို့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ်(ဟောင်း) ကျော်ဇောက အကြံပြုထားပါတယ်။

ဗိုလ်နေ၀င်းနဲ့ အဆင်အခြင်နည်းတဲ့ စစ်ဗိုလ်တချို့ တပ်မတော်ကို အုပ်စီးခွင့်ရသွားခြင်းဟာ နိုင်ငံအတွက်သာမက တပ်မတော်အတွက်ပါ ကံဆိုးမိုးမှောင်ကျခဲ့ရတာပါဘဲ။ ၁၉၆၂ ခုနှစ် နိုင်ငံ့အာဏာကို စစ်တပ်က ဓားပြတိုက် လုယူခဲ့တဲ့အချိန်ကစလို့ ဒီကနေ့အချိန်ထိအောင် နှစ်ပေါင်း ၆၀ ကျော်အတွင်း မိဘပြည်သူ ရဟန်းရှင်လူတွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် ဗိုလ်ကျ အနိုင်ကျင့်ခဲ့တာ တကြိမ်တခါတည်း မဟုတ်ပါဘူး။ အကြိမ်ကြိမ်အခါခါ မဟုတ်လား။ 

ဒါကြောင့်မို့လည်း ပေါ်လာစဉ်ကာလတုန်းကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ ပြည်သူတွေကြားက ပြည်သူ့သားသမီးတွေနဲ့ ဖွဲ့စည်းဖြစ်တည်လာတာမို့ တော်လှန်ရေးနေ့ ရောက်ရင်ပဲ ဖြစ်ဖြစ်၊ ရှေ့တန်းကပဲ ပြန်လာပြန်လာ ပြည်သူလူထုကြီးက အားကိုးတကြီး အမြတ်တနိုးနဲ့ စွပ်ကျတဲ့ ပန်းကုံးတွေဖုံး တပြုံးပြုံး တပ်မတော်ဟာ အခုတော့ ပြည်သူမုန်းတဲ့ စစ်အာဏာရှင် ခါးပိုက်ဆောင်တပ်၊ ပြည်သူ ရွံရှာလို့ သရဲသဘက်တွေကို သံပုံးတီးထုတ်သလို မလာအောင် ဖဲကြိုးရောင်စုံနဲ့ မောင်းထုတ်ခံနေရတဲ့ ပြည်သူ့ချဉ်ဖတ် တပ်မတော်ဘ၀ လျှောကျရောက်ရှိသွားတာကို ၀မ်းနည်းကြေကွဲဖွယ်ရာ တွေ့မြင်ရတာပါ။ 

ဒီနေရာမှာ တော်လှန်ရေးဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်လို့ အရေးကြီးတဲ့အချက်ကို ရေးပြချင်ပါတယ်။ ဘယ်ခေတ်မှာပဲဖြစ်ဖြစ်၊ ဘယ်စနစ်ကိုပဲ ကျင့်သုံးကျင့်သုံး ဖိနှိပ်မှုတွေရှိနေတဲ့ ခေတ်တိုင်း၊ စနစ်တိုင်း၊ အရပ်တိုင်းမှာ တော်လှန်ရေးဆိုတာ အမြဲတစေ ရှိနေမယ်ဆိုတဲ့ အချက်ပါပဲ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ‘တော်လှန်ရေးဆိုတဲ့ အဓိပ္ပာယ်ကတော့ စနစ်တစ်ခုကို ပြတ်ပြတ်သားသား ပြောင်းလဲလိုက်တာဟာ တော်လှန်ရေးတစ်ခုပါပဲ’ လို့ ပြောကြားခဲ့ဖူးပါတယ်။

ကျွန်ပိုင်ရှင်ခေတ်ကို ကြည့်ကြည့်၊ မြေရှင်ပဒေသရာဇ်ခေတ်ကို ကြည့်ကြည့်၊ အရင်းရှင်ခေတ်၊ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ နာဇီစနစ်၊ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်၊ စစ်အာဏာရှင်စနစ်၊ စည်းကမ်းပြည့်ဝသော အရှေ့တိုင်း ဒီမိုကရေစီစနစ်၊ အနောက်တိုင်းဒီမိုကရေစီစနစ်… ဘယ်လိုစနစ်ကိုပဲ ကျင့်သုံးသုံး ဖိနှိပ်မှု၊ မတရားမှုတွေ ရှိနေ၊ ဖြစ်တည်လာတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ တော်လှန်ရေးဆိုတာ မလွှဲမသွေ ပေါ်ပေါက်လာတော့တာပါပဲ။

ဒါကြောင့်လည်း စစ်အာဏာရှင်ဖြစ်ဖြစ်၊ အရပ်သားအာဏာရှင်ဖြစ်ဖြစ် တော်လှန်ရေး ဆိုတဲ့ စကားလုံးကို မကြားချင်၊ မပေါ်ပေါက်စေချင်ကြပါဘူး။ ဒါပေမဲ့လည်း သူတို့ရဲ့ ဆုတောင်းဟာ ဘယ်တော့မှ မပြည့်ဝဘဲ မတရားမှုကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုတော်လှန်ရေးကြီးတွေဟာ ဆုံမှတ်တခုခုကို ရောက်တာနဲ့ ပေါက်ကွဲ မွေးဖွားလာလေ့ရှိပါတယ်။ 

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာလည်း မဆလ၊ နဝတ၊ နအဖ စကစ အာဏာသိမ်းစစ်အစိုးရတိုင်းဟာ သူတို့ရဲ့ မတရားမှု၊ ဖိနှိပ်ဗိုလ်ကျမှုတွေကို ဆန့်ကျင်ကျတဲ့ ကျောင်းသားဆိုရင် ကျောင်းသားဆိုး၊ နိုင်ငံရေးသမားဆို ပြည်ပအားကိုး ပုဆိန်ရိုး၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေဆို သောင်းကျန်းသူလို့ အမြဲသမုတ်ပြီး ပြည်သူတွေ အမြင်မှားအောင် တဆိပ်ကပ်၊ နိုင်ငံရေးနဲ့မပတ်သက်ရဲအောင် ရက်ရက်စက်စက် နှိပ်ကွပ်ပြီး တော်လှန်ရေးဆိုတဲ့ စကားလုံးကို ဖျောက်ဖျက်ခဲ့ကြတာ မဟုတ်လား။

အခုတော့ ခေတ်က ပြောင်းလာပြီ၊ ပြည်သူတွေကလည်း နိုင်ငံရေးကိစ္စတွေ ပိုမိုနားလည်လာကြပြီ။ အရင်လို သတင်းအမှောင်ဖုံး၊ သမိုင်းမှန်တွေ ဖုံးပြီး လိမ်ညာကောက်ကျစ်လို့ အလုပ်မဖြစ်တော့ဘူး။ အဲဒီအာဏာရှင် အကျင့်ဆိုးကို မဖျောက်နိုင်ရင်တော့ ရှေ့လျှောက် နစ်သထက်နစ်၊ ဖွတ်သထက် ညစ်ဖို့ပဲ ရှိတယ်။ 

လက်ရှိအခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ရရင် ဗမာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ မြောင်းထဲ ရောက်နေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ မိဘလုပ်သားပြည်သူတွေအနေနဲ့ တပ်မတော်ဟာ သူတို့ဘက်က ရပ်တည်ကာကွယ်ပေးမယ့် ပြည်သူ့တပ်မတော်လို့ မယုံကြည်ကြပါဘူး။ ဘာလို့လဲ ဆိုတော့ တပ်မတော်ဟာ စစ်အာဏာရှင် အမိန့်ကိုသာ နာခံလို့ အာဏာရှင် ခါးပိုက်ဆောင်တပ် ဖြစ်ခဲ့တာ ၁၉၆၂ ခုနှစ်ကနေ ခုချိန်ထိတိုင်အောင်ပဲ မဟုတ်လား။

စစ်တပ်ဟာ ပြည်သူတွေ ဖြစ်ချင်တာတွေ၊ ပြောင်းလဲချင်တာတွေကို ပြည်သူနဲ့အတူ လက်တွဲ ဖြည့်ဆည်းပေးဖို့ပါပဲ။ ပြည်သူက စစ်တပ်ကို နိုင်ငံရေး အုပ်ချုပ်ရေးကိစ္စမှာ မပါစေခြင်ဘဲ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ပရော်ဖက်ရှင်နယ်ကျကျ ဆောင်ရွက်နိုင်ဖို့ စစ်တန်းလျားကို သိက္ခာရှိရှိ အမြန်ဆုံး ပြန်စေချင်တာ ကြာပါပြီ။ 

ပြည်သူတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပြဋ္ဌာန်းချင်ကြတယ်။ လွှတ်တော်ထဲမှာ ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ထွက်သွားစေချင်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ပြည်သူက မတင်မြှောက်တဲ့ ကာချုပ်မင်း‌အောင်လှိုင်နဲ့ စစ်အခွင့်ထူးခံတစုဟာ ပြည်သူလူထုဆန္ဒကို ဆန့်ကျင်ပြီး နိုင်ငံတော်အချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ လုယူခဲ့ကြတယ်။

ဒီလို မတရားအာဏာလုယက်မှုကို လက်မခံကြတဲ့ မြန်မာနိုင်ငံအရပ်ရပ်က ပြည်သူလူထုက လက်မခံကြောင်း ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြတာကို သေမင်းတမန်ကျည်ဆန်တွေနဲ့ ဦးခေါင်းကို တည့်တည့်ချိန်ရွယ်ပစ်ခတ်တာကစလို့ နည်းမျိုးစုံနဲ့ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတာကြောင့် အခုဆို အဖိုးတန်တဲ့ အာဇာနည်ပြည်သူပြည်သား ၁,၆၉၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး အရပ်သားပြည်သူ  ၁၂၈၀၀ ကျော်ဟာ ဖမ်းဆီးထောင်ကျခံနေရဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မတ်လ ၂၇ ရက်ဟာ တပ်မတော်နေ့ မဟုတ်ပါဘူး။ မြန်မာပြည်သူပြည်သား တိုင်းရင်းသားလူမျိုးပေါင်းစုံဟာ ဖက်ဆစ်ကျွန်ဘ၀က လွတ်မြောက်ဖို့ ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ဖွဲ့စည်းခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ စိတ်တူကိုယ်တူ လက်တွဲကြပြီး အတူတကွ တိုက်ပွဲ၀င်ခဲ့ကြတဲ့ တော်လှန်ရေးကြီးကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့အနေနဲ့ မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ရယ်လို့ ကမ္ပည်းထွင်း သမိုင်း၀င်စေခဲ့တာပါ။ အမှန်တရားကို စောင့်ရှောက်တတ်တဲ့၊ မတရားမှုကို ဆန့်ကျင်တတ်တဲ့ “တော်လှန်ရေး” ဆိုတဲ့စကားလုံးကို ဖျောက်ဖျက်ထားခြင်းအား ရပ်တန့်ဖို့ အချိန်ကျပါပြီ။ 

လွန်ခဲ့တဲ့ ၇၇ နှစ် ဒီနေ့ ဒီရက် မတ်လ ၂၇ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ နိုင်ငံတဝန်းလုံးက ပြည်သူတွေအပေါ် လက်နက်အားကိုး ဖိနှိပ်ရက်စက်ခဲ့တဲ့ ဖက်ဆစ်ဂျပန်တွေကို ဆန့်ကျင်‌တော်လှန်ပြီး လွတ်လပ်ရေးရအရယူဖို့ စတင်တွန်းလှန်ခဲ့ကြတယ်။

အခုတစ်ခါ တကမ္ဘာလုံးက အသိအမှတ်မပြုဘဲ မနေနိုင်လောက်အောင် ရဲစွမ်းသတ္တိရှိကြတဲ့ လူငယ် လူလတ် လူကြီး မျိုးဆက်အားလုံးပါဝင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဖက်ဆစ်ဘီလူး တိုက်ဖျက်‌ရေး မြန်မာနွေဦးအရေးတော်ပုံကြီးဟာ ဆိုးယုတ်တဲ့ ဖက်ဆစ်မြန်မာစစ်တပ်ကို နိုင်ငံတဝန်းလုံးက ပြည်သူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေ အတူလက်တွဲချိတ်ဆက်ပြီး စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်‌ထောင်စုနိုင်ငံတော်သစ် တည်ထောင်ဖို့ ဒုတိယဖက်ဆစ်တော်လှန်ရေးကြီးကို တခဲနက်ဆင်နွှဲနေကြပြီမို့ စစ်အခွင့်ထူးခံ အာဏာရှင်စနစ်ဟာ မကြာခင် မြန်မာ့လူ့ဘောင်ကနေ ကွယ်ပျောက်ရတော့မှာ ဖြစ်ပါကြောင်း။

 မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024