မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ မတ် ၂၉ ရက်နေ့ မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ကမာစိုင်ကျေးရွာအနီးမှာ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းမအတိုင်း မောင်းနှင်းလာတဲ့ ၄၁ စီးပါ စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်ကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ခရီးသွား ကလေးငယ် ၁ ဦး သေနတ်ကျည်ထိမှန်သေဆုံးပြီး အမျိုးသား ၁ ဦး နဲ့ ကလေးငယ် ၁ ဦး ပြင်းထန်းဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်ကိုတော့ ရန်ကုန်ဆေးရုံကို လွှဲပြောင်းပေးထားပြီး သေနတ် ကျည်ဗိုက်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကိုတော့ သထုံမြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။
သူတို့ ၃ ဦးစလုံးဟာ သထုံမြို့နယ် နေထိုင်သူတွေ ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ၄၁ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဘီးလင်းမြို့နယ်၊ ချောင်းပြန့်ကျေးရွာအနီး မတ် ၂၉ ရက်နေ့ မနက် ၁၁ နာရီလောက် KNLA ပူးပေါင်းအဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစု (TPDF) ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးဘဲ အပြန်အလှန်ပစ်ခတ်မှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း နာရီအတော်ကြာ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။