မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ပြန်လည်ပြင်ဆင်ထားတဲ့ နေလှန်းဆားကွင်းတွေ ပျက်စီးပြီးနောက် ဆားကြမ်းဈေးနှုန်း စံချိန်တင် မြင့်တက်လာတယ်လို့ ဆားတောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက တစ်ပိဿာ ကျပ် ၁၀၀ ကျော်သာ ရှိခဲ့တဲ့ ဆားကြမ်းဈေးနှုန်းဟာ မတ်လ နောက်ဆုံးအပတ်မှာတော့ တစ်ပိဿာကျပ် ၃၀၀ ကျော်ထိ စံချိန်တင်မြင့်တက်လာခဲ့တာပါ။
ဆားကြမ်းဈေးနှုန်းဟာ အခုနှစ် ဆားရာသီ ဒီဇင်ဘာ၊ ဖေဖော်ဝါရီနဲ့ မတ်လတို့မှာ ဆားကွင်းဖျက်မိုးကြုံခဲ့ရတာကြောင့် စံချိန် ဈေးနှုန်း မြင့်တက်သွားခဲ့တာပါ။
ဆားကြမ်းဈေးနှုန်း စံချိန်တင် မြင့်တက်လာပေမယ့် ဆားကွင်းဖျက်မိုးကြောင့် ဆားရရှိမှု သိသိသာသာ ကျဆင်းနေတဲ့အတွက်ကြောင့် ဈေးကွက်အတွင်းအရောင်းအဝယ် အေးနေတယ်လို့ ဆားတောင်သူ တစ်ဦးက ပြောပါတယ်။
တဖက်မှာတော့ ဆားတောင်သူတွေဟာ ဆားထွက်နှုန်း လျော့ကျလာတာအပြင် စက်သုံးဆီ အပါအဝင် အထွေထွေကုန်ကျစရိတ်ကြီးမြင့်နေတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့တို့မှာ အဓိက ထုတ်လုပ်နေတာဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိနေတာပါ။
ဒါပေမယ့် ဒီနှစ်မှာတော့ ဆားကွင်းဖျက်မိုးကြောင့် ဆားထွက်ရှိမှုနှုန်း ထက်ဝက်ကျော် လျော့ကျသွားဖို့ ရှိနေတာပါ။