ကချင်ပြည်နယ် ဖားကန့်မြို့က အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးအပါအဝင် ၇ ဦးကို မတ် ၂၈ ရက်နေ့မှာ ဖားကန့်တရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုနောင်ရိုးနဲ့ နီးစပ်သူ အမျိုးသားတဦးက “မတ် ၂၈ ရက်နေ့မှာ ဖားကန့်တရားရုံးက ထောင်ဒဏ် ၁ နှစ်ခွဲချလိုက်တယ်။ ၅၀၅(က)နဲ့ တရားစွဲပြီး ထောင်ဒဏ် ၁ နှစ်ခွဲ ချလိုက်တာပါ။ မိတ်ဆွေသတင်းထောက်တယောက် ဒါမျိုး ဖြစ်တာတော့ စိတ်ထဲ မကောင်းပါဘူး” လို့ ပြောပါတယ်။
အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် ဧပြီ ၉ ရက်နေ့က သတင်းယူနေစဉ် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ နွေဦးတော်လှန်ရေးကာလ ဖမ်းဆီးခံရတဲ့သူ ၄၀ ကျော်ရှိပြီး အဲဒီထဲက မတ်လ ၂၈ ရက်နေ့မှာ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုး၊ ကိုဇော်ဝင်းမောင်၊ ကိုမျိုးဦး၊ ရန်နိုင်ထွန်း၊ မွန်းနောင်၊ ကိုအောင်သူ၊ ကျော်မျိုးဦး စုစုပေါင်း ၇ ဦးကို ဖားကန့်မြို့နယ်တရားရုံးက ထာင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်လိုက်တာပါ။
ဓါတ်ပုံ - ကိုနောင်ရိုး Fb