စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမကျေးရွာက နေအိမ်အချို့ကို မတ် ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားပြီး ဘန့်ဘွေးရွာ၊ မကျေးရွာကို မီးရှို့ဖျက်ဆီးတာ ၃ ကြိမ်ရှိပြီဖြစ်ကာ နေအိမ် ၉ လုံးနဲ့ အခြားအဆောက်အဦအချို့ မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။
ဘန့်ဘွေးရွာ၊ မကျေးရွာအတွင်းကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်တပ်စွဲနေတာ ၁ လကျော် ကြာပြီဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြတဲ့ ပြည်သူတွေကို ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့နဲ့ မလာရောက်ပါက အိုးအိမ်တွေကို ဖျက်ဆီးပစ်မယ်လို့ စစ်ကောင်စီတပ်ဖွဲ့က ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီလို ပြောဆိုပြီးနောက်ပိုင်း ပြည်သူအနည်းငယ်သာ ပြန်လည်ဝင်ရောက်နေထိုင်လာခဲ့ပေမယ့် အများစုကတော့ စစ်ကောင်စီတပ်ရဲ့ရန်ကို ကြောက်တာကြောင့် တိမ်းရှောင်ထွက်ပြေးနေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဘန့်ဘွေးရွာမ ကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း အနီးပတ်ဝန်းကျင် ကျေးရွာအချို့က ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါသေးတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာကိုလည်း စစ်ကောင်စီက မတ် ၂၈ ရက် မနက် ၈ နာရီလောက် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကျေးနင်းကြီးကျေးရွာကနေ ကြောင်သန်းကျေးရွာကို မတ် ၂၈ ရက်နေ့ မနက်အစောပိုင်းက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး လက်ပုကန်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လက်ပုကန်ဒေသခံတဦးက “သေဆုံးတာက ဦးဝင်းဌေးပါဗျ။ အသက်က ၄၅ နှစ်ခန့်ရှိတယ်။ ကျည်မှန်တာက သူအိမ်ထဲမှာနေရင်း လက်နက်ကြီးကျ သေရတာပါဗျာ။ မိန်းမက ခြေထောက်ကျည်ထိထားတယ်။ ဦးဝင်းဌေးကတော့ ဗိုက်ပွင့်ထွက်ဒဏ်ရာ၊ ပေါင်ထုတ်ချင်းပေါက် ဒဏ်ရာ၊ လက်ကောက်ဝတ်ဒဏ်ရာတွေနဲ့ နေရာတင်ပဲ သေဆုံးသွားတယ်” လို့ ပြောပါတယ်။