ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ မတ် ၂၈ ရက်နေ့မနက် ၁၀ နာရီလောက် မြို့ပေါ် သုံးနေရာမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မနက် ၈ နာရီ ပထမအကြိမ်ပေါက်ကွဲတဲ့ ဧည့်ရိပ်သာအနီးမှာတော့ ထိခိုက်သူမရှိပေမဲ့ ဒုတိယအကြိမ်နာရီစင်နား ပေါက်ကွဲမှုမှာတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေ ထိခိုက်မှုရှိပြီးတော့ ရောဘတ် နှစ်ခြင်းဘုရားကျောင်းနားပေါက်ကွဲမှုမှာတော့ အရပ်သားပြည်သူတွေ ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ပထမအကြိမ်ပေါက်တုန်းကတော့ ထိတဲ့သူမရှိဘူးပြောတယ်၊ ဘုရားကျောင်းနားမှာပေါက်တာကတော့ လူထိတယ်၊ လမ်းသွားလမ်းလာ ထင်တယ်၊ အမျိုးသမီးတစ်ဦး ကတော့ ပွဲချင်းပြီဆုံးသွားတယ်၊ အဲမှာ ထိတဲ့သူများတယ်၊ ကားတွေကော၊ဆိုင်ကယ်တွေကော၊ တခြားပြည်သူတွေကောထိတယ်” လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲပြီးနောက် လမ်းမကိုထွက်ကြည့်တဲ့ ရောဘတ်နှစ်ခြင်းဘုရားကျောင်းဝင်းထဲက စစ်ရှောင်လူငယ်တယောက် ဖမ်းဆီးခံရတယ်လို့ အမည်မဖော်လို့တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
“ဗုံးပေါက်တော့ အဲကောင်လေးက ထွက်ကြည့်တာ၊ အဲအချိန် ရဲတွေ၊စစ်သားတွေ ရောက်နေတော့ ဘယ်လိုထင်ပြီး ဖမ်းသွားလဲ မသိဘူး၊ အဲကလေးက စစ်ရှောင်ကပဲ၊ ဖမ်းပြီးတော့ ရိုက်နှစ်နေတာတွေ့လိုက်တယ်။”
ဗန်းမော်မြို့မှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ ၃ ဖွဲ့လောက်လှုပ်ရှားနေပြီး ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၆ နာရီလောက်ကလည်း စစ်ကောင်စီက ကျင်းပတဲ့ ကလပ်ပေါင်းစုံဘော်လုံးပြိုင်ပွဲ မကျင်းပခင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။