ပဲခူးတိုင်း ပေါင်းတည်မြို့မှာ ကျင်းပမယ့် ၂၀၂၂ သင်္ကြန်ပွဲမှာ လူထုမပါဖို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေ့စ်ဘွတ်ခ်ကနေ သတိပေး ထုတ်ပြန်ထားပါတယ်။
“စစ်ကောင်စီလုပ်တဲ့ သင်္ကြန်ပွဲကို မသွားဖို့ မလုပ်ကြဖို့ အနူးညွတ်မေတ္တာရပ်ခံပါတယ်။ တကယ်လို့ မလိုက်နာဘူးဆိုရင်တော့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမယ်” လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဒါပေမဲ့ အခုလိုအရေးယူဆောင်ရွက်ရာမှာတော့ ပြည်သူတွေ အများကြီးရှိနေတဲ့ နေရာတွေမှာ ပြည်သူတွေထိခိုက်အောင် PDF တွေက လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အရင် နအဖလက်ထက် သင်္ကြန်ကာလတခုမှာ ရေကစားမဏ္ဏပ်တချို့ ဗုံးကွဲတဲ့ အဖြစ်မျိုးတွေ ရှိခဲ့ဖူးပြီး တဖက်အဖွဲ့အစည်းကို ပုံချတဲ့ဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်လို့လည်း ပေါင်းတည်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဥပမာပေး ပြောဆိုပါတယ်။
“အခုလိုအဖြစ်မျိုး ဖြစ်မလာဘူး ပြောလို့ မရဘူး”လို့ သူက ဆက်ပြောပါတယ်။
အခုကာလမှာ စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံတွင်း နေရာအတော်များများမှာ အေးချမ်းစည်းကားနေပြီး သူတို့ အုပ်ချုပ်နိုင်နေပြီဆိုတာကို ပြချင်တာကြောင့်နဲ့ PDF တွေကို ပုံဖျက်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်နေတာလို့ သူက ပြောပါတယ်။
၂၀၂၂ သင်္ကြန်ပွဲတော်ကို ရန်ကုန်၊ မန္တလေးနဲ့ မြို့အများစုမှာ စည်းကားစွာလုပ်မယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။