ကယား(ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ ချိကယ်ကျေးရွာအုပ်စု ဒေါဆော်ဘီး ကျေးရွာဘက်မှာ ဒီကနေ့ မတ်လ ၂၈ ရက်နေ့ မနက် ၄ နာရီလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တချို့ ပျက်စီးသွားပါတယ်။
ဒီကနေ့ မနက် ၄ နာရီလောက်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ချိကယ်- ဒေါဆောဘီးကျေးရွာမှာ လက်နက်ကြီး ၃ လုံးကျပြီး ၂ လုံးပေါက်ကွဲကာ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “အိမ်တော့မထိဘူး။ တအိမ်ကျော်မှာ ကျတာ ၃ လုံးကျတယ်။ ၂ လုံး ပေါက်ကွဲသွားတယ်” လို့ ပြောပါတယ်။
လွိုင်ကော်ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ လက်နက်ကြီးသံတွေ ကြားနေရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူတချို့ နေရပ်ပြန်လည်နေထိုင်ကြပေမယ့် တချို့ကတော့ စစ်ရှောင်နေရဆဲ ဖြစ်ပါတယ်။
ပြီးခဲ့အပတ်ကမှ စစ်ရှောင်ရာကနေ လွိုင်ကော်မြို့ နွားလဝိုးကျေးရွာဘက် ပြန်လည်နေထိုင်ရာမှာ ရွာတွင်း လက်နက်ကြီးကျရောက်တာကြောင့် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထပ်မံထွက်ပြေးခံရတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။
“အခုတောင်ကြီးကို ပြန်ပြေးရတယ်။ အခြေအနေကောင်းပြီထင်လို့ နွားလဝိုးကို ပြန်ဆင်းတာ လက်နက်ကြီးကျည်ကျလို့ ရွာသားတဦး ဒဏ်ရာရတယ်။ လူနေအိမ်လည်း နှစ်လုံး သုံးလုံးထိတယ်။ အခု ဘယ်နားသွားနေလို့ နေရမှန်းမသိတော့ဘူး။ အိမ်ငှားနေမယ်ဆိုတော့လည်း တလ ၆ သောင်းဆိုတော့ မပေးနိုင်ဘူး။ အလုပ်အကိုင်လည်းမရှိတော့ ငှားလို့လည်းအဆင်ပြေဘူး။”
ကရင်နီ(ကယား) ပြည်နယ်မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ရှောင်နေကြရပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းနဲ့ ဖရူဆိုမြို့နယ်ဘက် စစ်ရှောင်သွားကြတဲ့ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအပြင် ရေအခက်အခဲတွေနဲ့ပါ ကြုံတွေ့နေကြရသလို ရာသီတုပ်ကွေး၊ ကိုဗစ်ရောဂါတွေနဲ့ပါ ရင်ဆိုင်နေကြရတဲ့အတွက် အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။