မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ ကျော်ရွာမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီနဲ့ပျူ စောထီးတပ်တွေကို မတ် ၂၇ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကနီမြို့နယ် ကျောက်လုံးကြီး PDF က ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ စစ်တပ်ဟာ မင်းကင်းနယ်အတွင်း စစ်ကြောင်းထိုးတာတွေပြုလုပ်နေပြီး လက်ရှိကျော်ရွာမှာ ယာယီတပ်စွဲနေထိုင်တာလို့ သိရပါတယ်။
ကနီမြို့နယ်ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ မနက်ခင် ၁၀ နာရီအချိန်ကတည်းက စနိုက်ပါ ၄ လက်နဲ့ စောင့်ပြီး ချောင်းပစ်ခဲ့တယ်ဗျ။ လေးယောက်သေတယ်။ သူတို့ဘက်က ပြန်ပစ်တာတော့ရှိတယ်။ ကျနော်တို့က အရပ်လေးမျက်နာကနေ နေရာယူချောင်းပစ်တာဆိုတော့ သူတို့ပစ်ခတ်တာ ကျနော်တို့ကို မမှန်ဘူး” လို့ ပြောပါတယ်။
အဲဒီကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတပ်တွေကို ကျောက်လုံးကြီး PDF၊ ရွေသမင်မုဆိုး PDF နဲ့ TDPDFအဖွဲ့သုံးဖွဲ့တို့ ပူးပေါင်းပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
ကျော်ရွာက စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့ ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။