စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာ တပ်ကြပ်ကြီးတစ်ဦး အလောင်းလာကောက်တဲ့ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်သား စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ဖောင်းပြင် PDF က မတ် ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မတ် ၂၆ ရက်က CDM ဆရာ ဆရာမ ၂ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးချိန်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနဲ့ တပ်သား ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ဗိုလ် ၁ ဦး ခြေထောက် နှစ်ဖက်ဖြတ်ပစ်ခဲ့ရတယ်လို့ ဖောင်းပြင် PDF က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ကျန်ရစ်တဲ့ တပ်ကြပ်ကြီး ဖုန်းနိုင်အလောင်းကို ကောက်ဖို့ မတ် ၂၇ ရက် မှာ စစ်ကောင်စီတပ်အင်အား ၃၀ ကျော် လာကြတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အလောင်းကောက်ဖို့အရေး မြေဇူရွာလို အဝေးကနေ CDM ဆရာရဲ့ လယ်တောအိမ်ကို လက်နက်ကြီးနဲ့ပစ်တယ်။ CDM ဆရာ ဆရာမနေအိမ်ရှိရာ ဆိတ်ဆားရွာကို မှန်းပြီးပစ်တယ်။ တပ်ကြပ်ကြီး ဖုန်းနိုင်အလောင်း ဝန်းကျင်ကို၊ စစ်ကောင်စီတပ်သားတွေ ချီတက်လာမယ့် လမ်းကြောင်းနဲ့ မိုင်းကွဲလိုက်ရင် ပြေးလွှားနေရာယူနိုင်တဲ့ ကျည်ကွယ်မျက်ကွယ်လို နေရာမျိုးတွေမှာ မိုင်းထောင်ထားပြီးတော့ အချိန်ကိုက်ဖောက်ခွဲတိုက်ခိုက်နိုင်လို့မို့ စစ်ကောင်စီတပ်သား ၂၀-၂၅ ယောက် အထိ သေဆုံးနိုင်ပါတယ်” လို့ ဖောင်းပြင် PDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။