ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ မတ် ၂၇ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးနေ့ စစ်ရေးပြလုပ်ဖို့ တန်းစီချိန်မှာ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ CDF-ကန်ပက်လက်က ပြောပါတယ်။
ကန်ပက်လက်မြို့ထဲမှာ မနေ့က မွန်းတည့် ၁၂ နာရီလောက်က တော်လှန်ရေးနေ့ စစ်ရေးပြလုပ်ဖို့ တန်းစီနေတဲ့ စစ်ကောင်စီတပ်သားတွေကို CDF တပ်ဖွဲ့က နေရာယူပြီး ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ CDF-ကန်ပက်လက်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် အချိန် ၃ နာရီလောက်ကြာအောင် တိုက်ပွဲအပြင်းထန်ဖြစ်ပွားကာ ညနေ ၃ နာရီလောက်မှာ CDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
ကန်ပက်လက်မြို့ထဲမှာ မတ် ၂၆ ရက်ကလည်း ကင်းပုန်းဝတ်နေတဲ့ ရဲတွေကို CDF-ကန်ပက်လက်က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ရဲတပ်သား တယောက်သေဆုံးကာ တယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကန်ပက်လက်မြို့မရဲစခန်းနဲ့ အ.ထ.က ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် မြို့ပေါ်နဲ့ ကျေးရွာတချို့ကို လက်နက်ကြီး ကျရောက်ပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။