မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူအရေအတွက်ဟာ ၂၆ သန်းကျော် ရှိပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးပေးနေပြီး မတ် ၂၆ ရက်အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးပြီးသူ ၄ ဒသမ ၆၇ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးပြီးသူ ၂၁ ဒသမ ၈ သန်း ကျော်နဲ့ စုစုပေါင်း ၂၆ ဒသမ ၄၇ သန်းကျော်ပြီလို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနိုင်မယ်လို့ ပြောထားတာပါ။
ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။
နိုင်ငံတဝန်းမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၆ သိန်း ၁ သောင်းကျော်နဲ့ သေဆုံးသူ ၁၉,၄၃၀ ယောက်ရှိပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စု လက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာတာကြောင့် မတ် ၁၆ ရက်ကစတင်ကာ လူ ၄၀၀ ထိ စုဝေးခွင့်ပြုတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။